ရခိုင်ပြည်နယ် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခဖြေရှင်းရေးတို့တွင် အမျိုးသမီးများဦးဆောင်မှုနှင့်ပါဝင်မှု အားနည်း

Photo – ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်​ဘေး​ရှောင်အမျိုးသမီးအချို့အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ​တွေ့ရစဥ် (Arakan Responders for Emergency)

001

(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်တွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ ဦးဆောင်မှုနှင့် ပါဝင်မှု အားနည်းနေပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အလွန်နောက်ကျနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးအခွင့်အရေးနှင့် ကျား – မ တန်းတူရေးဆိုင်ရာ ကနဦးလေ့လာဆန်းစစ်ချက်ဖြစ်သည့် “လောင်းရိပ်အောက်ကအသံများ” အစီရင်ခံစာနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများအနေဖြင့် ကဏ္ဍအသီးသီးတွင် တန်းတူအခွင့်အရေးမရှိသကဲ့သို့ အခြေခံရပိုင်ခွင့်အခွင့်အရေးတွေလည်း ဆုံးရှုံးနေပြီး ခွဲခြားဆက်ဆံခံရမှုနှင့်အတူ အကြမ်းဖက်ခံနေရသော သားကောင်းများအဖြစ်သာ ရှိနေကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး မခင်မာထွေးက “ရခိုင်ပြည်မှာ အမျိုးသမီးတွေဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးကိစ္စတွေမှာ ဦးဆောင်မှုနှင့် ပါဝင်မှု အားနည်းနေရတာတွေဟာ လတ်တလောမှာ ဖြစ်လာတဲ့ အကြောင်းအရာမဟုတ်သလို အကြောင်းရင်းခံတွေ အများကြီးရှိနေတယ်။ ရှေးရိုးစွဲ အယူအဆတွေ၊ တိုင်းပြည်ဆင်းရဲနွမ်းပါးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာ၊ အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်အုပ်ချုပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိတ်သုဥ်းမှု စတာတွေမှာ အကြောင်းခံလာတာဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါ အစီရင်ခံစာကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ကျား-မ တန်းတူရေး၊ အမျိုးသမီး အခွင့်အရေးနှင့် ကျား-မ တန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေးအထွေထွေ စသည့် ကဏ္ဍ ခုနစ်ရပ်ကို အခြေခံပြီး ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဦးဆောင်မှုနှင့် ကိုယ်စားပြုမှု အခန်းကဏ္ဍများမှာ မရှိသလောက်နည်းပါးနေကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြောသည်။

ယင်းကဏ္ဍများတွင် ပါဝင်ခွင့်ရသည့် အမျိုးသမီးများအနေဖြင့်လည်း ပံ့ပိုးကူညီသူအဆင့်မှာသာရှိနေပြီး လုပ်ခလစာ တန်းတူမရရှိသကဲ့သို့ ပညာသင်ယူမှုတွင်လည်း ခွဲခြားဆက်ဆံခံရမှုများ ရှိနေကြောင်း မခင်မာထွေးက ပြောသည်။

“ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်၊ ဦးဆောင်မှုနှင့် ကိုယ်စားပြုမှု အားကောင်းလာစေဖို့အတွက် အစိုးရ ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေမှာ မူဝါဒတွေ လုပ်ငန်းစဉ်တွေချမှတ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပါဝင်ဖြေဆိုသူ ၈၂ ဦးရှိကြောင်း သိရသည်။

အမျိုးသမီးအခွင့်အရေး၊ ကျား-မ တန်းတူရေးနှင့် ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်မှုများ၊ ပညာပေးမှုများ လုပ်ဆောင်နေကြသော်လည်း လက်တွေ့နယ်ပယ်တွင် လက်ခံရယူ ကျင့်သုံးမှုနှင့် နားလည်သဘောပေါက်မှု အားနည်းနေသေးသဖြင့် ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)