မန်ချက်စတာစီးတီးရဲ့ စွဲဆိုချက်များအတွက် ကြားနာရမယ့် ရက်သတ်မှတ်ထားဟု ပရီးမီးယားလိဂ် ပြော

By PKThawn

မန်ချက်စတာစီးတီးကို စွဲဆိုထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှု စွဲချက်တွေကို ကြားနာဖို့ ရက် သတ်မှတ်ထားကြောင်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ပြောပါတယ်။

ဒါပေမယ့် မာစတာစ်က အမတ်များရှေ့ ပြောကြားရာမှာ သူ့အနေနဲ့ ကြားနာရက်ကို ထုတ်ပြောလို့မရနိုင်ကြောင်း ပြောပါတယ်။

အဲဗာတန်ဟာ အရင်က စွဲချက်တခုအတွက် ၁၀ မှတ်လျော့ချခံရမှုကို အယူခံဝင်ခဲ့ပြီးဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ဟာ လိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုအတွက် တနင်္လာနေ့မှာ စွဲချက်တင်ခံခဲ့ရပါတယ်။

မာစတာစ်က သူဟာ နှစ်သင်းလုံးရဲ့ ပရိသတ်တွေ စိတ်ပျက်စေရတဲ့ အကြောင်းရင်းကို နားလည်ကြောင်း ပြောပါတယ်။

“ကျနော် [နားလည်ပေးနိုင်တယ်] ဒါပေမယ့် သူတို့ဟာ အလွန်ကွဲပြားခြားနားပြီး မတူညီတဲ့ စွဲချက်တွေဖြစ်တယ်”လို့ သူက ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစား (CMS) ကော်မတီကို ပြောကြားခဲ့ပါတယ်။

“တကယ်လို့ ဘယ်အသင်းမဆို၊ လက်ရှိချန်ပီယံတွေ ဒါမှမဟုတ် တခြားအသင်းတွေက ငွေကြေးသုံးစွဲမှုစည်းမျဉ်းတွေကို ဖောက်ဖျက်တာတွေ့ရင် သူတို့တွေဟာ အဲဗာတန် ဒါမှမဟုတ် နော်တင်ဟမ်ဖောရက်စ်တို့တွေလိုပဲ တူညီတဲ့အနေအထားမှာ အတိအကျရှိနေမှာပါ။

”ဒါပေမယ့် မန်ချက်စတာစီးတီးအပေါ် များပြားပြီး ကြီးမားတဲ့ စွပ်စွဲမှုတွေ ရှိနေနိုင်တယ်။ စွဲချက်တွေက လုံးဝခြားနားတဲ့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။ ကြားနေခြင်းမတိုင်ခင် ဒါတွေကိုတော့ ကျနော် လုံးဝ ပြောပြလို့မရပါဘူး။

“အဲဒီလုပ်ငန်းစဉ်အတွက် ရက်သတ်မှတ်ထားပါတယ်။ ကံမကောင်းစွာဘဲ၊ အဲဒါက ဘယ်အချိန်လဲဆိုတာ ကျနော် မပြောပြနိုင်ပါဘူး။ ဒါပေမယ့် ဒါက တိုးတက်နေပါတယ်။”

ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးဟာ ချိုးဖောက်မှုပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၂၃ ဖေဖော်ဝါရီလမှာ စွဲချက်တင်ခံခဲ့ရပေမယ့် ကြားနာမှုတော့ မရှိသေးပါဘူး။

အဲဗာတန်ဟာ လွတ်လပ်တဲ့ ကော်မရှင်ထံ မတ်လမှာ ညွှန်ကြားခံရပြီးနောက် နိုဝင်ဘာလမှာ ၁၀ မှတ်ဖြတ်ချခံရပါတယ်။

မန်စီးတီးရဲ့ စွဲချက်တွေဟာ ၂၀၀၉ ကနေ ကိုးနှစ်တာ ကာလအပိုင်းအခြားနဲ့ သက်ဆိုင်ခဲ့တာပါ။ သူတို့ဟာ ၂၀၀၉ နောက်ပိုင်း အမှတ်ပေးချန်ပီယံကို ခုနစ်ကြိမ် ရရှိခဲ့ပေမယ့် အမှုက သက်သေပြနိုင်မယ်ဆိုရင် တန်းဆင်းရမယ့် အလားအလာနဲ့ ရင်ဆိုင်ရနိုင်ပြီး ဆုဖလားတွေကို ပြန်သိမ်းခံရနိုင်ပါတယ်။

ပရီးမီးယားလိဂ်က ယင်းစုံစမ်းစစ်ဆေးမှုကို ၂၀၁၈ မှာ စတင်ကတည်းက ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်မှုဖြင့်လည်း သူတို့ကို တရားစွဲဆိုခဲ့ပါတယ်။

ဒီအမှုကို ဒီနှစ်ကုန်မှာ ကြားနာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကို ပရီးမီးယားလိဂ်က အတည်မပြုရသေးပေမယ့် ၂၀၂၅ အထိ စီရင်ချက်ချနိုင်ဖွယ်မရှိပါဘူး။

Ref; BBC