အဖွဲ့ချုပ် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ရူဘီယာလက်စ်ကို လေဆိပ်မှာ ဖမ်းဆီးခဲ့

လူးဝစ် ရူဘီယာလက်စ် ဥက္ကဋ္ဌဖြစ်ခဲ့ချိန်က တော်ဝင် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)အတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ အသရေပျက်စေခဲ့တဲ့ ဘောလုံးအကြီးအကဲဟောင်းကို စပိန်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ခေတ္တဖမ်းဆီးခဲ့ပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံကနေ ပြန်လာပြီးနောက် မကြာခင်မှာ အသက် ၄၆ နှစ် ရူဘီယာလက်စ်ကို မက်ဒရစ်မြို့ရဲ့ ဘာရာဂျက်စ်လေဆိပ်မှာ ထိန်းသိမ်းခဲ့ပေမယ့် ခဏအကြာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဂါဒီယာမြို့ပြရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

လေဆိပ်အတွင်း စစ်ဆေးမေးမြန်းမခံရခင် သူဟာ ရဲအစောင့်အရှောက်နဲ့ လေယာဉ်ပေါ်ကနေ ဆင်းလာခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ တခြားရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် RFEF ရဲ့ မက်ဒရစ်ဌာနချုပ်နဲ့ တောင်ပိုင်းမြို့ ဂရန်နာဒါရှိ ရူဘီယာလက်စ်ရဲ့ နေအိမ်အပါအဝင် နေရာ ၁၁ ခုကို ရှာဖွေပြီးနောက် နှစ်ပတ်အကြာမှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၀ ရက် ဝင်ရောက်စီးနင်းမှုဟာ “စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု၊ မသမာတဲ့ စီမံခန့်ခွဲမှု၊ ငွေကြေးခဝါချမှုတို့နဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမှု”ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စပိန်စူပါဖလားကို ဆော်ဒီအာရေဗျမှာ ကျင်းပဖို့ ရူဘီယာလက်စ်က လက်မှတ်ရေးထိုးထားတဲ့ တခုအပါအဝင် ၂၀၁၈ ကတည်းက ချုပ်ဆိုခဲ့တဲ့ RFEF စာချုပ်တွေကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေနေကြောင်း စပိန်မီဒီယာတွေက ဖော်ပြပါတယ်။

ဘာစီလိုနာနဲ့ စပိန်နောက်ခံလူဟောင်း ဂျရတ် ပီကေး ပိုင်ဆိုင်တဲ့ Kosmos ကုမ္ပဏီက ကြားပွဲစားလုပ်ပေးတဲ့ သဘောတူညီမှုနဲ့အတူ စူပါဖလားစာချုပ်တွေဟာ တနှစ်ကို ယူရိုသန်း ၄၀ (ဒေါ်လာ ၄၃ ဒသမ ၃ သန်း) တန်ကြေးရှိပါတယ်။

ဒိုမီနီကန်သမ္မတနိုင်ငံက အိမ်ကို ဝင်ရောက်စီးနင်းခြင်း

Cadena Ser ရေဒီယိုရဲ့ အဆိုအရ တနင်္လာနေ့မှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးက အမိန့်ပေးအပြီး ဂါဒီယာမြို့ပြရဲတွေဟာ ရူဘီယာလက်စ် တည်းခိုရာနေရာ ဒိုမီနီကန်သမ္မတနိုင်ငံကို တနင်္လာနေ့မှာ သွားရောက်ခဲ့ပြီး လက်ပ်တော့တလုံးနဲ့ မိုဘုန်းဖုန်းတလုံးတို့ကို သိမ်းဆည်းခဲ့ပါတယ်။

AFP က ဆက်သွယ်မေးမြန်းရာ ဂါဒီယာမြို့ပြဲရဲအဖွဲ့က ဒီသတင်းအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

မတ်လ ၂၀ ရက် စီးနင်းမှုအပြီးတရက်မှာ RFEF ဟာ ယင်းရဲ့ ဥပဒေရေးရာ ဒါရိုက်တာ ပတ်ဒရို ဂွန်ဇာလက်ဇ် ဆေးဂူယာ၊ လူ့စွမ်းအားအရင်းအမြစ်အကြီးအကဲ ဟိုဆေး ဇာဗီယား ဂျာမီးနက်ဇ်တို့ကို ထုတ်ပယ်ခဲ့ပြီး သောမတ်စ် ဂွန်ဇာလက်ဇ် ကျူအက်တိုရဲ့ ဥပဒေကုမ္ပဏီ GC Legal နဲ့ ယင်းရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

စီးနင်းမှုအတွင်း သုံးဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ်လက ဆစ်ဒနီဗိုလ်လုပွဲမှာ စပိန်အသင်း ဖလားကိုင်မြှောက်ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလားကြယ်ပွင့် ဂျနီ ဟာမိုဆိုရဲ့ နမ်းခမ်းကို နမ်းခဲ့တာကြောင့် ရူဘီယာလက်စ်ဟာ RFEF ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

စပိန်ဥပဒေအရ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သတ်မှတ်မှုအောက်မှာ တလိုတလား သဘောတူခဲ့တာမဟုတ်တဲ့ အနမ်းအတွက် ရူဘီယာလက်စ် ကြိုးပမ်းမှုနဲ့အတူ ယင်းလုပ်ရပ်ကြောင့် တကမ္ဘာလုံးကို ဒေါသ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရူဘီယာလက်စ်နဲ့ ပီကေးတို့ကြားက သန်းပေါင်းများစွာတန် ကော်မရှင်ခတွေအကြောင်း ပြောဆိုခဲ့ကြတဲ့ အသံဖမ်းယူမှုတွေ ပေါက်ကြားခဲ့ပြီးနောက် ၂၀၂၂ မှာ အစိုးရရှေ့နေတွေဟာ စူပါဖလား သဘောတူညီချက်အတွက် စုံစမ်းစစ်ဆေးမှုတရပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ရူဘီယာလက်စ်ဟာ ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံမှာ စူပါဖလားပြိုင်ပွဲကို ကျင်းပဖို့ သဘောတူညီချက်ရဲ့ တရားဝင်မှုကို အမြဲကာကွယ်ခဲ့ပြီး ပီကေးက အရာအားလုံးဟာ “တရားဝင်ကြောင်း” နဲ့ သဘောတူညီမှုအတွက် “ဂုဏ်ယူမိကြောင်း”၂၀၂၂ ဧပြီလမှာ ပြောပါတယ်။

စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ၂၀၂၀ မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။

Covid-19 ကပ်ရောဂါကြောင့် တနှစ်အကြာ စပိန်မှာ ပြန်ကျင်းပခဲ့ပေမယ့် နောက်ဆက်တွဲ ပြိုင်ပွဲသုံးကြိမ်ကတော့ ဆော်ဒီမှာ ကျင်းပခဲ့ပါတယ်။

ပီကေးဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဘောလုံးလောကကနေ အနားမယူခင် ဆော်ဒီအာရေဗျမှာ စပိန်စူပါဖလားကို ဘာစီလိုနာအသင်းနဲ့ နှစ်ကြိမ်ကစားခဲ့ဖူးပါတယ်။

(AFP)