ဘန်ကောက်တွင် ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို ကျင်းပရန် ထိုင်း စိတ်အားထက်သန်

အေအက်ဖ်ပီ

ထိုင်းနိုင်ငံသည် ဖော်မြူလာဝမ်း (F1) ကားမောင်းပြိုင်ပွဲတခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်အားထက်သန်လျက် ရှိရာ ဖော်မြူလာဝမ်း ပရိသတ်များအနေဖြင့် မက်ဇ် ဗာစတက်ပန်နှင့် လူးဝစ် ဟာမီလ်တန်တို့ကဲ့သို့ အကျော်အမော် ပြိုင်ကားမောင်းသမားများ ဘန်ကောက်မြို့ လမ်းများတွင် တဝေါဝေါ မောင်းနှင်ယှဉ်ပြိုင်မှုကို မြင်တွေ့ရနိုင်သည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်ထာ ထာဝီဆင်သည် ဧပြီ ၂၂ ရက်က F1 အကြီးအကဲ စတီဖာနို ဒိုမနစ်ကယ်လီကို လက်ခံတွေ့ဆုံပြီး ပြန့်ကျဲရှိနေပြီး ယာဉ်ကြော ပိတ်ဆို့မှုတို့ ရှိသည့် ထိုင်းမြို့တော်သို့ F1 grand prix ပြိုင်ပွဲတခု ဆောင်ကြဉ်းရောက်ရှိစေရေး အစိုးရ၏ စိတ်ကူးအမြင်ကို ထုတ်ဖော်သည်။

သတ်မှတ်အချိန်ကာလ သို့မဟုတ် အသေးစိတ် အစီအစဉ်များကို ထုတ်ဖော်ကြေညာခြင်း မရှိသော်လည်း ထိုင်းတာဝန်ရှိသူများက ၎င်းတို့အနေဖြင့် F1 ကားပြိုင်ပွဲကို ဖြစ်နိုင်ဖွယ်ရာအားဖြင့် မြို့၏ သမိုင်းဝင်အလယ်ဗဟိုဝန်းကျင်ရှိ ပတ်လမ်းတခုတွင် မောင်းနှင်ကျင်းပသည်ကို မျှော်မှန်းထားသည်ဟု ပြည်တွင်းမီဒီယာကို ပြောသည်။

“ထိုင်းနိုင်ငံအနေနဲ့ ဘန်ကောက်မှာ ဖော်မြူလာဝမ်းပြိုင်ပွဲကို ကျင်းပနိုင်စွမ်း ရှိပါတယ်” ဟု ဆရတ်ထာက ဒိုမနစ် ကယ်လီနှင့် တွေ့ဆုံပြီးနောက် အိတ်စ် (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ပို့စ်တင်သည်။

“တကယ်လို့ အောင်မြင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အခြားသူတွေအတွက် အထင်ကြီးလောက်တဲ့ အမှတ်ရစရာတွေ ယူဆောင်ပေးမယ် လို့ ကျွန်တော် ယုံကြည်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ မှန်ကန်တဲ့ အလားအလာ၊ လုပ်နိုင်စွမ်း ရှိသလို ထိုင်းပြည်သူတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုလည်း ရှိလို့ဖြစ်ပါတယ်”

ဝန်ကြီးချုပ် ဆရတ်ထာ အစိုးရသည် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန် “ပါဝါအပျော့” စီမံချက်များ တွန်းအားပေးလုပ်ဆောင်ရန် စိတ်အားထက်သန်နေပြီး F1 ပြိုင်ပွဲတခုကို ဆောင်ကြဉ်းဖြစ်ပေါ်စေခြင်းက ခရီးသွားလုပ်ငန်းအတွက် တက်ကြွမှုတခုကို ပေးရာရောက်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားဧည့်သည် အားကိုးသော စီးပွားရေးသည် ကပ်ရောဂါမှ ပြန်ဦးမော့လာသည်။

တချိန်တည်းမှာပင် ဖော်မြူလာဝမ်းသည် လမ်းများတွင် ကျင်းပသည့် ပြိုင်ပွဲများကို ထပ်မံကျင်းပရန် စိတ်ဝင်စားနေသည်။

“အခြေခံအားဖြင့်တော့ တကယ်လို့သာ F1 ကို ထိုင်းမှာ ကျင်းပမယ် ဆိုရင် ဒါကို လမ်းတွေပေါ်မှာ ကျင်းပဖို့ ဆန္ဒရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မိမိတို့ လက်ရှိမှာ လုပ်ဆောင်နေပါတယ်” ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝတ်ချာရောင်က ပြည်တွင်း မီဒီယာကို ပြောသည်။

Williams အသင်းမှ အဲလက်ဇ် အယ်လ်ဘွန်သည် လက်ရှိတွင် F1 တွင် ယှဉ်ပြိုင်နေသည့် တဦးတည်းသော ထိုင်းနိုင်ငံသားဖြစ်ပြီး ၎င်းသည် သမိုင်းတလျှောက် ထိုင်းနိုင်ငံ ဇာတိဖြစ်သည့် ဒုတိယမြောက် ပြိုင်ကားမောင်းသမားလည်းဖြစ်သည်။