ခလရ(၁၀၆)တပ်ရင်းကိုတိုက်ခိုက်မှုစစ်သား ၄ ဦးသေဆုံးဟု ရေးဘီလူးအဖွဲ့ပြော

မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ဆေးရေးဂိတ်နှင့် ရေးဘီလူးအဖွဲ့သားများ

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၁၀၆)ကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောသည်။

ခလရ(၁၀၆) တပ်ရင်းရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ယနေ့ နံနက် ၆ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခြင်းဟု သိရသည်။

” ကင်းစောင့်နေတဲ့ တပ်သားတွေကို ကျနော်တို့ ဝင်ပစ်တယ်။ တပ်ရင်းက စစ်ကောင်စီတပ်သား လေးယောက်ကျတယ်လို့ ကျနော်တို့ သိရတယ်။ ခုလည်း ရေးနဲ့ လမိုင်းကြားမှာ လူနာတင်ကားတွေနဲ့ သယ်နေကြတာတွေလည်းရှိတယ်။ ဒီပွဲမှာ RPG တွေပါ သုံးထားပါတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေသခံများကမူ ယနေ့နံနက် ၆ နာရီခန့်တွင် ခလရ(၁၀၆)အနီး၌ ပစ်ခတ်သံများ ကြားရသည်ဟုပြောသည်။

“မနက်စောစော ၆ နာရီလောက်မှာ အသံကြားတယ်။ သိပ်တော့မကြာဘူး။ ခဏလေးပဲ။ ကျနော်တို့တော့ သေတဲ့အကြောင်းကိုတော့ မကြားမိဘူး။ သေနတ်သံပဲကြားရတာပါ။ ခုတော့ အေးအေးဆေးဆေး ပြန်ဖြစ်နေပြီ” ဟု ဒေသခံတဦးက ယနေ့ နံနက် ၁၁နာရီခန့်တွင် ပြောသည်။

ထို့အပြင် ရေးဘီလူးအဖွဲ့သည် မော့ကနင်ကျေးရွာအထွက် သံဖြူဇရပ်မြို့ဘက်သို့ သွားသည့် လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

“အဲ့ဒီဂိတ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ လမ်းအခွန်ကောက်ဖို့ဆိုပြီးတော့ စစ်ကောင်စီနဲ့လက်တွဲပြီး ကန်ထရိုက်ဆွဲထားတဲ့ ဝါးတားဂိတ်။ ဂိတ်ကလူတွေကိုတော့ ကျနော်တို့ တယောက်မှမသတ်ခဲ့ဘူး။ ဂိတ်ကိုတော့ မီးရှို့ဖျက််ဆီးခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသည့် ရေးမြို့နယ်၊ ခေါဇာနယ်မြေရဲစခန်းကို ရေးဘီလူးအဖွဲ့ကမီးရှို့ ဖျက်ဆီးခဲ့သည်။

ရေးမြို့နယ်တွင် အခြေစိုက်သော ရေးဘီလူးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၏ တပ်ခွဲတခုအနေဖြင့် ပူးပေါင်းခဲ့သည်။တော်လှန်ရေးကို အရှိန်မြှင့်တင်ရန်အတွက် ပူးပေါင်းခြင်းဟုရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း