ခမရ (၃၇၄) တပ်ရင်းအား သိမ်းပိုက်ပြီးစီး၊ ကျောက်တော်၊ မင်းပြား၊ ‌မြောက်ဦးရှိ စစ်စခန်းများသိမ်းပိုက်‌မည်ဟု AA ထုတ်ပြန်

ခမရ (၃၇၉) တပ်ရင်းထံမှ သိမ်းဆည်းရရှိ ထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့

002

ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ကျောက်တော်မြို့အ‌ခြေစိုက် ခမရ (၃၇၄) တပ်ရင်းတခုလုံးအား သိမ်းပိုက်ပြီး ကျောက်တော်၊ မင်းပြား၊ ‌မြောက်ဦးရှိ စစ်စခန်းများ တခုမကျန် သိမ်းပိုက်‌ရေး လုပ်‌ဆောင် နေဟု AA ကထုတ်ပြန်သည်။

စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းအား ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ သိမ်းပိုက် ရယူနိုင်ခဲ့‌ကြောင်း AA က ပြောသည်။

ဇန်နဝါရီ ၂၈ ရက်တွင် ခမရ (၃၈၀) တပ်ရင်းကိုလည်း AA က သိမ်းယူနိုင်ခဲ့‌သည်။

ထို့ပြင် ဇန်နဝါရီ ၃၀ ရက်တွင် ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်း လာသော စစ်ကောင်စီအင်အား ၁၂၀ ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်းနှင့် မြို့တွင်းတိုက်ပွဲ စတင်ဖြစ်ပွားရာ နှစ်ဖက်အထိအခိုက်အကျအဆုံး ရှိခဲ့ပြီး စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည် ဟု AA ကထုတ်ပြန်သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေး ‌သော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ အားလုံးသော စခန်းများ လည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန်အခြေအနေကောင်းလျက်ရှိသည်ဟု AA က ထုတ်ပြန်သည်။