မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ကွယ်လွန်

ပုံအညွှန်း- မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် နှင့် ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် (ခ) နာဲထဝ်မန် သည် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၆နာရီခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ၏ လေးဦးမြောက် ဥက္ကဋ္ဌဖြစ်သူ ဝါရင့် မွန်နိုင်ငံရေးသမား နိုင်ထောမွန်သည် အသက် ၇၈ နှစ်တွင် ထိုင်းနိုင်ငံ ဆန်ခရဘူရီဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နိုင်ထောမွန်၏ ရုပ်အလောင်းကို ဆန်ခရဘူရီနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီးနောက် ဈာပနအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန် ကွယ်လွန်ခြင်းအတွက် မွန်နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝမ်းနည်းပူဆွေးနေပြီး နိုင်ထောမွန်၏ ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို မွန်ပြည်ဖက်ဒရယ်ကောင်စီ( MSFC )မှ ထုတ်ပြန်ထားသည်။

“ဒီလို ကိုယ့်ခေါင်းဆောင်တယောက်ကို ဆုံးရှုံးလိုက်ရတော့ စိတ်မကောင်းဘူးပေါ့နော်။ ကွယ်လွန်ချိန်မှာ အနားမှာ မရှိနိုင်တာ ပိုစိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့ နှမြောတယ် သူလမ်းပြခဲ့တာတွေ ကိုယ့်လူမျိုးအတွက် လုပ်ပေးခဲ့တာတွေက အများကြီးပဲလေ။ ဘာပဲဖြစ်ဖြစ် ဥက္ကဋ္ဌ မရှိတော့ရင် ဥက္ကဋ္ဌမှာခဲ့တဲ့စကားတွေနဲ့ သူခင်းပေးခဲ့တဲ့လမ်းကို ဆက်လျှောက်ပြီး ကိုယ်တွေက ပိုပြီးဆက်လုပ်သွားရမှာပေါ့” ဟု MSFC လူသားချင်းထောက်ထားရေးနှင့် ကယ်ဆယ်ရေးဌာနမှူး မိသုတဇဝ်က မဇ္ဈိမကို ပြောသည်။

ဝါရင့်မွန်နိုင်ငံရေးသမား နိုင်ထောမွန်သည် ဆယ်တန်းအောင်ပြီးနောက် တောခိုခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဆက်သွယ်ရေး တပ်သားအဖြစ် မွန်ပြည်သစ်ပါတီကို ဝင်ရောက်ခဲ့သည်။ မွန်ပြည်သစ်ပါတီတွင် ရေးမြို့နယ်ဥက္ကဋ္ဌ၊ စစ်သင်တန်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( MNLA) စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

နိုင်ထောမွန် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလ ၂၀၁၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA )ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် ပါတီမှ အနားယူခဲ့ပြီး လက်ရှိ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာကို တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)