ဆောမြို့နယ်ရှိ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူ ၁၅ ဦး ထက်မနည်း သေဆုံး ၊ ၃၀ ဝန်းကျင် ဒဏ်ရာရ

ပုံအညွှန်း - တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းကို ဒေသခံများက မီးငြိမ်းသတ်နေစဉ်

ပုံအညွှန်း – တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းကို ဒေသခံများက မီးငြိမ်းသတ်နေစဉ်

MTO

(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ဆောမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် ပြည်သူများစုဝေးနေစဥ် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ပြည်သူ ၁၅ ဦး ထက်မနည်း သေဆုံးပြီး ဦးရေ ၃၀ ဝန်းကျင် ဒဏ်ရာရသွားကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရသည်။

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်း ယမန်နေ့ မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆောမြို့နယ် ပအဖ အဖွဲ့ဝင် ဆရာကြည်က ပြောသည်။

“ဗုံးတွေက တော့ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့ များတယ်။ ဘုန်းကြီးကျောင်းက တော့ အားလုံးပဲ ပြာကျသွားတဲ့အဆင့်ပေါ့နော် ။ ဘာမှ မရှိတော့ဘူး နေအိမ် တွေ နည်းနည်း ထိခိုက်ပျက်စီးတာလည်းရှိတယ်။ ” ဟုပြောသည်။

လေကြောင်းမှ ဗုံးသီး နှစ်ကြိမ်ချကာ ၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၊ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတိအကျ သိနိုင်ရန် စာရင်းပြုစုနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

“ အလောင်းတွေက မီးလောင်သွားတော့ ဘယ်သူက ဘယ်ဟာမှန်းမသိနိုင်တော့ဘူးဖြစ်နေတယ် ” ဟု ဆရာကြည်က ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရသည့် အကြောင်းအရင်းကို မသိသလို၊ ဘုန်းကြီးကျောင်းတွင် စုဝေးရခြင်း အကြောင်းကိုလည်း မသိရသေးကြောင်း ၎င်းကဆိုသည်။

ပုံအညွှန်း - တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းကို ဒေသခံများက မီးငြိမ်းသတ်နေစဉ်

မဇ္ဈိမ အနေဖြင့် ထိခိုက်၊ သေဆုံးသူ အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြို့နယ် ပအဖ အနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံဆေးခန်းသို့ပို့ဆောင်ပေးထားပြီး အကူအညီများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ထံက သိရသည်။

“ နောက်ထပ်စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာပါပဲ။ ဘယ်လို အကြောင်းပြချက်နဲ့ မေ့လို့ မရပါဘူး ဒါတွေကိုအရေးယူနိုင်တဲ့အဆင့်အထိ ကျတော်တို့ အားလုံးကြိုးစာရမှာဖြစ်တယ် “ ဟု ဆရာကြည်က ပြောသည်။

စစ်ကောင်စီက နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်၍ ကျေးရွာနေပြည်သူများသည် လက်ရှိတွင် ဘေးလွှတ်ရာကို ရွေ့ပြောင်း နေထိုင်နေကြကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး