ကျောက်တော်တွင် တပ်ဆုတ်လာသော စစ်ကောင်စီတပ်ကို AA က လမ်းမှဖြတ်တိုက်

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့ခြင်းကြောင့် ပျက်စီးသွားသည့်နေအိမ်အချို့

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တပ်ဆုတ်လာသော စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) က လမ်းမှ ဖြတ်တိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ် အချို့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ကျောက်တော်မြို့အနီး မဟာမြတ်မုနိဘုရားကြီးတွင် ကင်းချ တပ်စွဲနေသည့် စစ်ကောင်စီတပ်မှ တပ်ဆုတ်ပြန်လာစဉ် ဘုရားနှင့်ငါးမိုင်အကွာရှိ သရက်တပင်ကျေးရွာ အနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဘုရားကနေ တပ်ဆုတ်ပြီးအပြန် သရက်ပင်ရွာနားမှာ AA ကဖြတ်တိုက်တာ။ စစ်ကောင်စီဘက်က အလောင်းတွေ အများကြီးတွေ့ရတယ်၊ လာမကောက်ကြသေးဘူး။ ကြည့်ရတာ ကစ္ဆပနဒီတံတား မရောက်ခင် တောင်ပေါက်မှာတပ်စွဲထားတဲ့ တပ်ရင်းတွေဆီ သွားပေါင်းမလို့ထင်တယ်”ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်သည် အထိနာနေသောကြောင့် ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် သရက်တပင်ကျေးရွာ သို့ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတဦးသေဆုံးပြီး နေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း ရွာခံတဦးကဆိုသည်။

“သရက်တပင်မှာ စစ်ကောင်စီတပ်ကအကျအဆုံးများတော့ မဲပြီးတိုက်လေယာဥ်နဲ့ဗုံးလာကြဲတာ။ ကျန်တဲ့ တပ်ရင်းက ဖရိုဖရဲဖြစ်နေချိန် AA ဘက်ကလည်း နယ်မြေရှင်းလင်းတာတွေလုပ်နေတော့ တိုက်ပွဲဖြစ်ပြီး ချိန် မနိုင်နိုင်ရာ ဗုံးလာကြဲသွားတဲ့ပုံစံပါ” ဟု ၎င်းကပြောသည်။

ကျောက်တော်ဒေသတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းမှ ယနေ့မွန်းလွဲပိုင်းအထိ နှစ်ဘက်ထိတွေ့တိုက် ပွဲပြင်းထန်ခဲ့ပြီး ကန်စောက်တောင် ခမရ(၅၃၉)တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် ၃၀၀ ကျော် အလံဖြူထောင်၍ AA ထံ လက်နက်ချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသော်လည်း သက်ကြီးပိုင်းနှင့် နာမကျန်း သူများ ကျန်ခဲ့ကြောင်း မြို့ခံများကဆိုသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမတ(၃၇၇) အ‌မြောက်တပ်ရင်းအား ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်တွင် ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲအရှိန်မြင့်တက်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်အထိ နေရာအနှံ့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအရှိန် ပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း။ ။စောဖေ