မြောင်းမြထောင်တွင် နိုင်ကျဉ်း ၃ ဦးကို ထောင်အာဏာပိုင်များက ကားရေဆေးပိုက်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ဟုဆို

မြောင်းမြအကျဉ်း‌ထောင်( ပုံဟောင်း)

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားသုံးဦးကို အကျဥ်းထောင်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် အခြားအဆင့် ထောင်ဝန်ထမ်းတဦးတို့က ကားရေဆေးပိုက်လုံးဖြင့် အချက်ပေါင်းများစွာရိုက်နှက်ခဲ့ကြောင်း ထောင်ဝန်ထမ်းနှင့် နီးစပ်သူများထံမှ သိရသည်။

မြောင်းမြအကျဥ်းထောင် အဆောင်(၅)မှ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် အသက် ၂၀ ကျော်အရွယ်ကိုအောင်သက်ပိုင်၊ အသက် ၄၀ ကျော်အရွယ်ဦးလှမျိုးမြင့်နှင့် ကိုဇော်မင်းနိုင်တို့ကို အကျဉ်းထောင်အာဏာပိုင်များက ရိုက်နှက်ခြင်းဟု ထောင်ဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က မြောင်းမြအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများအား ထောင်အာဏာပိုင်များက အလုပ်ကြမ်းလုပ်ရန်စေခိုင်းရာ မလုပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သည့် အဆောင်(၅)မှ နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းတဦးက ဆဲဆိုခဲ့သည်ဟုသိရသည်။ ထို့နောက် ထိုအဆောင်မှ ကိုအောင်သက်ပိုင်၊ဦးလှမျိုးမြင့်နှင့်ကိုဇော်မင်းနိုင်တို့ကိုခေါ်ထုတ်ကာ သံခြေကျင်းဖြင့် ချုပ်နှောင်ပြီး ထောင်စာကြည့်တိုက်တွင် ရိုက်နှက်ခဲ့ခြင်းဟု ထောင်ဝန်ထမ်းနှင့်နီးစပ်သူတဦးကပြောသည်။

ရိုက်နှက်ခဲ့သူများမှာ ကြီးကြပ်ရေးမှူးဦးကျော်ဇေယျ၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တပ်သားသန့်ဇင်ကျော်တို့ဖြစ်သည် ၎င်းက ပြောသည်။

“ဝိုင်းချုပ် ဝမ်းလျားမှောက်ခိုင်းပြီး လက်မဝက်လောက် အချင်းရှိတဲ့ ဝါးကျစ်လုံးနဲ့ရိုက်တယ် ။ဝါးလုံးကျိုးသွားတော့ ကားတို့ ဆိုင်ကယ်တို့ရေဆေးတဲ့ ပိုက်အထူစားနဲ့ တဦးကို အချက် ၁၀၀ ကျော် နောက်နှစ်ဦးကို အချက် ၆၀ ကျော်စီရိုက်တာပါ။ ကိုအောင်သက်ပိုင် ကအချက် ၁၀၀ ကျော် ၊ကိုလှမျိုးမြင့်က အချက် ၆၀ ကျော်၊ ကိုဇော်မင်းနိုင်က အချက် ၆၀ ကျော်အရိုက်ခံရတာပါ။ သူတို့သုံးယောက်လုံး အခုမထနိုင်၊ လမ်းမလျှောက်နိုင်ဘူးလို့ သိရတယ်”ဟု ၎င်းက အသိပေးသည်။

ကိုအောင်သက်ပိုင်မှာ ထူးကြီးမြို့၊ဦးလှမျိုးမြင့်မှာ ဝါးခယ်မမြို့နှင့်ဦးဇော်မင်းနိုင်မှာ ကြံခင်းမြို့နယ် ဇာတိဖြစ်ပြီး စစ်အာဏာအားရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရကာ အကြမ်းဖက်ပုဒ်မများဖြင့် အမိန့်ချခံထားရသူများဖြစ်သည်။ လက်ရှိတွင် ၎င်းတို့အားလုံး ဆေးကုသခွင့် မရကြောင်း ထောင်ဝန်ထမ်းနှင့် နီးစပ်သူကပြောသည်။

ထို့အပြင် သုံးဦးလုံး တိုက်ပိတ်ခံထားရပြီး အလုပ်ကြမ်းလုပ်ရန် ငြင်းဆန်ခဲ့သည့် အဆောင်(၅) မှ အခြားအကျဉ်းသားများကို အဆောင်ပြောင်းထားကြောင်း ထောင်ဝန်ထမ်းနှင့် နီးစပ်သူ၏ပြောပြချက်အရသိရသည်။

ထိုဖြစ်စဥ်များနှင့်ပတ်သတ်၍မေးမြန်းရန် မြောင်းမြအကျဥ်းထောင်ဖုန်းအား မဇ္စျိမက ယနေ့ ဇန်နဝါရီ ၁၇ရက်တွင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည် ၂၀၂၂ ခုနှစ်အတွင်းက မြောင်းမြအကျဥ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားတဦးအား တရားမဝင်ပစ္စည်းများ အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းသည်ဟုစွပ်စွဲကာ ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ဖူးသည်သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ပုသိမ်အကျဥ်းထောင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲများနှင့် ထောင်အာဏာပိုင်များ၏ အကြမ်းဖက် ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဥ်းသား ကိုဝေယံဖြိုး(ခေါ်)ရာစု သေဆုံးခဲ့သည်။

“ဒီထောင်အာဏာပိုင်တွေက လုပ်ချင်သလိုလုပ်နေတာတွေကို အလိုတူအလိုပါ။ စစ်ကောင်စီကလည်းသိသိကြီးနဲ့ လွှတ်ပေးထားတယ်လေ။ နိုင်ကျဉ်းတွေ ဒီလိုဖိနှိပ်ခံ ၊နှိပ်စက်ခံနေရတာတွေကို မိသားစုတွေကလည်း မသိရပါဘူး။ နောက်ဆုံး မြောင်းမြမြို့ပေါ်ကလူတွေတောင် မသိကြပါဘူး။ ဥပဒေမဲ့ လုပ်ချင်သလိုလုပ်နေကြတာပါ”ဟု နိုင်ငံရေးအကျဥ်းသား ဟောင်းတဦးကပြောသည်။

မြောင်းမြအကျဉ်းထောင်တွင် မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝေလင်းအောင် ၊ အိမ်မဲမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးနှင့် ကြံခင်းမြို့နယ်မှ CDM ရဲတပ်သား ကိုသူရိန်လင်း တို့လည်း အကျဉ်းချခံထားရပြီး ၎င်းတို့အားလုံး ကျန်းမာရေးကောင်းမွန်သည်ဟုသိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးချိန်မှစတင်၍ အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၅,၈၃၀ရှိပြီး ထို့အနက် ၁၉,၉၃၀ဦး မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈,၅၀၃ဦး မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ ထုတ်ပြန်ထားသည်။

စာတည်း -အေးချမ်း