နမ့်ဖက်ကာတွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ပစ်ချခံရမှု၌ ရုပ်သံဖိုင်အဟောင်းများ ရောနှော ပျံ့နှံ့

ZZ, JC

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမှာ ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဆိုပြီး ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

“Khin Maung Htay” ဆိုတဲ့ ဖေ့ဘုတ်အကောင့်ကနေ ဇန်နဝါရီ ၁၆ ရက်နေ့မှာ “တစ်စီးကို ​ဒေါ်လာသန်း၃၀​ကျော်ဆိုတာ ဒါကြီးလား” လို့ရေးသားပြီး ရုပ်သံဖိုင် တခုကို စတင် ဖြန့်ဝေထားပါတယ်။ ဒီရုပ်သံဖိုင်မှာ ပျံသန်းနေတဲ့ လေယာဉ် တစီးကို မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်နေတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး လေယာဉ်ကလည်း လက်နက်ကြီးထိမှန်ပြီး ပျက်ကျနေတဲ့ဖိုင်ပါ။

သူ့ရဲ့ ဖော်ပြမှုမှာ ဘယ်နေရာ ဘယ်ဒေမှာ ဖြစ်တယ်လို့ အတိအကျ မရေးထားပေမယ့် လတ်တလော နမ့်ဖက်ကာမှာ ပစ်ချခံရတဲ့ တိုက်လေယာဉ် သတင်းနဲ့ ဆက်စပ်ပြီး ပေါ်ထွက်လာတာပါ။ မှတ်ချက်တွေမှာလည်း နမ့်ဖက်ကာမှာ ပစ်ချခံရတဲ့ FTC-2000 အမျိုးအစား တိုက်လေယာဉ်ပုံတွေကိုလည်း မှတ်ချက်ပြုထားကြပါသေးတယ်။
ဒီဖိုင်ကိုတော့ ကြည့်ရှုသူ လေးထောင်နီးပါးရှိနေပါပြီ။

ဒီဖိုင်နဲ့ပဲ “ကိုမင်းအောင်ဒင်” ဆိုတဲ့ ဖေ့ဘုတ်အကောင့်က “နမ့်ဖတ်ကာမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ် ၁စီးကို ပစ်ချခံရရုပ်သံ” ဆိုပြီး ဖြန့်ဝေထားပါသေးတယ်။ ဒီဖိုင်ကိုတော့ ကြည့်ရှုသူ သုံးရာကျော် ရှိနေပါပြီ။

မဇ္ဈိမက ဒီရုပ်သံဖိုင်နဲ့ ပတ်သက်လို့ အချက်အလက် စစ်ဆေးခဲ့ပြီး ဒီဖိုင်ဟာ အရင်က ဖိုင်အဟောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီဖိုင်ကို “Lydia Seng Tsawm Hpauyam” ဆိုတဲ့ ဖေ့ဘုတ်အကောင့်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ကချင်ဘာသာနဲ့ စာရေးသားပြီး ဖော်ပြထားပါတယ်။ သူ့ရဲ့ ဖော်ပြမှုကို ဗမာလို ဘာသာပြန်လိုက်ရင်တော့ “လက်တည့်ဆန်းကြည့်ရအောင်… ၁၆/၁/၂၄ လွန်ခဲ့တဲ့တနှစ်က အလော့ဘွမ်တောင် မှာဖြစ်ခဲ့တဲ့ ရုပ်သံဖိုင် ဖြစ်ပြီးတော့.. နမ့်ဖက်ကာ နဲ့ပတ်သက်ပြီးတော့ လက်ရှိ သတင်း အသေအချာထွက်မလာသေးပါ။” လို့ အဓိပ္ပါယ်ရပါတယ်။ ၁၆ ရက်နေ့လို့ နေ့စွဲ ထည့်ထားပေမယ့် နမ့်ဖက်ကာက ဖိုင်ပါလို့ မပြောထားပါဘူး။ လင့် – https://shorturl.at/mDGVY

ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာပါဝင်တဲ့ တစ်တော့ လိပ်စာအတိုင်း ရှာဖွေခဲ့တဲ့အခါမှာ “KACHIN ICI” ဆိုတဲ့ တစ်တော့ အကောင့်တခုကို တွေ့ရပါတယ်။ အဲ့ဒီအကောင့်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာကတည်းက ဒီရုပ်သံဖိုင်ကို ဖော်ပြထားတာပါ။ သူရဲ့ဖော်ပြမှုမှာ လိုင်ဇာကို နောက်ခေါက်လာရင်ကတော့ အရင်လိုပြန်ဆော်လိုက်မယ် ဆိုပြီး ရေးထားပါသေးတယ်။ ဒါကြောင့် ဒီဖိုင်ဟာ အဟောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ လင့်- https://shorturl.at/hyEK0

တဆက်တည်း ဖော်ပြရမယ်ဆိုရင် နမ့်ဖက်ကာမှာ KIA ကပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ စစ်ကောင်စီတပ် လေယာဉ်ရဲ့ရုပ်သံဖိုင်မူရင်းဟာ အဲ့ဒီဖိုင်မဟုတ်ဘဲ အခြားတစ်ခုဖြစ်ပါတယ်။

ဒါကိုတော့ ကချင်ပြည်နယ်နဲ့ပတ်သက်တဲ့သတင်းတွေဖြန့်ဝေနေတဲ့ Kachin News Group ကနေ ဇန်နဝါရီ ၁၇ ရက်နေ့မှာပဲ နမ့်ဖက်ကာမှာ စစ်ကောင်စီတပ်လေယာဉ်ပျက်ကျတဲ့ ရုပ်သံဖိုင်ကိုဖော်ပြခဲ့ပါတယ်။ ဖော်ပြချက်ထဲမှာတော့ ပျံ့နှံ့ခဲ့တဲ့ရုပ်သံဖိုင်ထဲကနဲ့ မတူဘဲ လူနေအိမ်တွေနဲ့ အိမ်ခေါင်မိုးတွေ ပါဝင်ပါတယ်။ လင့် – https://shorturl.at/aEGRX

နမ့်ဖက်ကာမှာ စစ်ကောင်စီတပ်လေယာဉ် တစီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တယ်ဆိုတာ မှန်ကန်ပေမယ့် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ကတော့ အရင်က ရုပ်သံဖိုင်ဖြစ်နေတာကိုတွေ့ရပါတယ်။ ရုပ်သံဖိုင်အစစ်နဲ့ ရုပ်သံဖိုင်အဟောင်းကို ယှဉ်ကြည့်ရင် ကွာခြားနေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် အခုပျံ့နှံ့နေတဲ့ နမ့်ဖက်ကာမှာ စစ်ကောင်စီတပ်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတာဟာ ဖြစ်စဉ်မှန်ပြီး ရုပ်သံဖိုင်ကတော့ အရင်ဖိုင်အဟောင်းကို ပြန်လည်အသုံးပြုထားတာသာ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။