တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ကော့ကရိတ်စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

ဒီဇင်ဘာလ ၂၅ ရက်နေ့ညက မီးလောင်ကျွမ်းခဲ့သည့် အမှတ် (၅) ရပ်ကွက်မှ ဒေသခံနေအိမ်တလုံး (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်၌ ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ ယနေ့ ဇန်နဝါရီလ ၁၈ ရက်အထိ နေရပ်မပြန်နိုင်သေးကြောင်း ၎င်းတို့အားအကူအညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီအထိုင်ချရာနေရာများနှင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွား နေ၍ ကော့ကရိတ်မြို့ခံများ စစ်ဘေးရှောင်နေကြခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ နေအိမ် မပြန်နိုင်ကြသေးကြောင်း စစ်ဘေးရှောင်များအားကူညီနေသူထံက သိရသည်။

“၄၅ ရက်ကျော်ပြီ။ သူတို့ပြန်ရဖို့ဆိုတာတော့ ကြည့်ရတာ ဝေးဦးမယ်ထင်တယ်။ နယ်မြေကလည်း မအေး ချမ်းသေးဘူးဆိုတော့လေ ပြန်ရဖို့မလွယ်သေးဘူး။ တချို့ဆိုရင် ဘားအံတို့၊ မော်လမြိုင်တို့ဘက်မှာ အခြေ ချပြီး ဈေးရောင်းကြတယ်။ ကော့ကရိတ်မြို့ထဲက ပစ္စည်းတွေ၊ သူတို့ဆိုင်တွေမှာထားခဲ့တဲ့ ပစ္စည်းတွေကို သယ်ပြီး တခြားမြို့တွေကိုပြောင်း ဆိုင်ဖွင့်ကြတာပေါ့။ တချို့တတ်နိုင်တဲ့သူတွေကျတော့ အိမ်ငှားနေကြ တာပေါ့နော်။ မတတ်နိုင်တဲ့သူအများစုကတော့ ဘုန်းကြီးကျောင်းတွေမှာ အဓိကနေကြတာများတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

“စထွက်လာတည်းက အခုထိမပြန်ရသေးဘူး၊ အိမ်ကို အရမ်းပြန်ချင်တာပေါ့”ဟု ဒေသခံ အမျိုးသမီးတဦး က မဇ္ဈိမကိုပြောသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်အတွင်းသို့ ခေတ္တပြန်ဝင်သည့် စစ်ဘေးရှောင်များအား ရိုက်နှက်စစ်ဆေးမှုများ ရှိနေသဖြင့် ဒေသခံများအနေဖြင့် နေရပ်သို့ပြန်နေလိုကြသော်လည်း မပြန်ရဲကြသေးကြောင်း သိရသည်။

“သူများမြို့၊ သူများရွာမှာ အလကားပေးနေတာတို့ အိမ်ငှားနေရတာတို့ထက်စာရင်တော့ ကိုယ့်အိမ်မှာ ကိုယ် ပြန်နေချင်တာပေါ့။ ဒါပေမယ့် ဟိုဘက်မှာ ပြန်လို့မရတော့ ဒုက္ခရောက်တာပေါ့။ တချို့ကျတော့ လည်း ပြန်ပြီးတော့ပစ္စည်းပစ္စယတွေပြန်သယ်တယ်၊ အိမ်ပြန်ကြည့်တယ်၊ ပြီးရင်ပြန်လာတယ်ပေါ့။

တည တောင် မအိပ်ရဘူး။ တံတားဦးတို့ ဘာတို့ဘက်ကျတော့ ပြန်ဖို့ထက် တချို့ဆို ဝင်လို့တောင်မရဘူး။ နှစ် ဖက်တိုက်ပွဲဖြစ်ပွားမှု များတဲ့နေရာတွေပေါ့။ အဲ့ဒီနေရာတွေက ပြန်လို့မရဘူး။ တချို့ကျတော့ ခဏပြန် သွားကြည့်တယ်။ ကြည့်လို့ သူတို့စိတ်နဲ့ အခန့်မသင့်ရင် ရိုက်နှက်ထုထောင်းတယ်။ အဲ့ဒီလိုတွေ လုပ်တယ် လို့ကြားတယ်။ တွေ့တော့မတွေ့ဖူးဘူး ကြားတာပဲ” ဟု စစ်ဘေးရှောင်များကိုအကူအညီပေးနေသူက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင်အချို့သည် ဘားအံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်များတွင် အခြေချနေထိုင်မှုများရှိလာပြီး ဘုန်းကြီးကျောင်းများတွင် စုဝေးနေထိုင်နေရသူများလည်းရှိကြောင်း သိရ သည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်မှုများရှိနေပြီး လက်ရှိကာလသည် ဆောင်း တွင်းကာလဖြစ်သည့်၍ အနွေးထည်နှင့် စောင်လိုအပ်ချက်များကြောင်း သိရသည်။

“အခုအေးတဲ့အခါကျ လိုအပ်တာက အဝတ်အထည်ပေါ့။ ဆောင်းရာသီဆိုတော့ အဝတ်အထည်နဲ့ အစား အသောက် လိုတာပေါ့” ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူထံက သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် အလုံး ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရမှုများ ရှိနေကြောင်း သိရသည်။

တိုက်ပွဲကာလ ရက် ၅၀ နီးပါးအတွင်း ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၏ ၆၀ ရာခိုင်နှုန်းအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

စာတည်း။ ။စောဖေ