မြိတ်ကျွန်းစု ဒေသထွက် ရာသီပေါ်သဘာ၀ဂျင်း စျေးကောင်းမရဖြစ်

ဒေသခံ ရေလုပ်သားများ သဘာ၀ဂျင်း (သွေးဂုံးခေါ် ခရုတစ်မျိုး) များအား လာရောက် ရောင်းချဖို့ စောင့်ဆိုင်းနေစဉ်။

ဒေသခံ ရေလုပ်သားများ သဘာ၀ဂျင်း (သွေးဂုံးခေါ် ခရုတစ်မျိုး) များအား လာရောက် ရောင်းချဖို့ စောင့်ဆိုင်းနေစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းဒေသများက ထွက်ရှိသော သဘာ၀ဂျင်း(သွေးဂုံးခေါ် ခရုတမျိုး)သည် ယခုနှစ် ရာသီပေါ်ကောက်ယူချိန်တွင် အထွက်များနေ၍ ဝယ်ယူသူ ဒိုင်များ နည်းပါးနေသောကြောင့် စျေးကောင်းမရဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ သဘာ၀ဂျင်း(သွေးဂုံးခေါ် ခရုတမျိုး)သည် နှစ်စဉ် ဇန်နဝါရီလတွင် အကောင်ကြီးထွား(အလုံး)၍ ဖေဖော်ဝါရီလတို့တွင် ကောက်ယူ ရောင်းချလေ့ရှိသော်လည်း အခုနှစ်တွင်မူ ယခင်နှစ်များထက်စောပြီး ကောက်ယူရောင်းချနေကြရာ လာရောက်ရောင်းချသည့် ဒေသခံ ရေလုပ်သားများ များပြားနေခြင်းကြောင့် ဝယ်ယူသည့် ဒိုင်များက စျေးနှိမ်ဝယ်ယူနေ၍ စျေးကောင်း မရဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။

“ပုံမှန်ဆိုရင် ဟိုအရင် နှစ်တွေက ၂၅ ကီလိုပါ တခြင်းကို ၂၅၀,၀၀၀ ကျပ် ရှိရာမှ အခုဆိုရင် ၅၀,၀၀၀ ကျပ် လောက်ပဲ စျေးရှိတော့တယ် ဆိုတော့ စျေးက အဆမတန် ကျသွားတော့ ဒေသခံတွေမှာ တော်တော်လေးကို ဒုက္ခရောက်သွားတဲ့ အနေထားဖြစ်သွားတယ်”ဟု ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာနေ ဒေသခံတဦးက ပြောသည်။

သဘာ၀ဂျင်း(သွေးဂုံးခေါ် ခရုတမျိုး)သည် အရင်နှစ်များက တကီလိုကို ၂၅,၀၀၀ ကျပ်၊ ၂၅ ကီလိုပါ တခြင်းကို ၂၅၀,၀၀၀ ကျပ် ဝယ်ယူနေခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် အဝယ်ဒိုင်များမှ တဆင့် သိရသည်။

၎င်းသဘာ၀ဂျင်း(သွေးဂုံးခေါ် ခရုတစ်မျိုး)ကို ထိုင်းနိုင်ငံ စျေးကွက်သို့ ရေလမ်းအပြင် ကုန်လမ်းဖြင့် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်မှ တဆင့် အဓိကထား တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုကြောင့် လမ်းခရီး၌ အချိန်ကြန့်ကြာမှုများရှိလာရာမှ အသေ၊ အပုပ်များ ရှိလာခြင်းဖြစ်ကြောင်း အဝယ်ဒိုင် အသိုင်းဝိုင်းမှ သိရသည်။

“ရွာတွေမှာက ရွာခံအဝယ်ဒိုင်းတွေက ကြီးစိုးပြီး အဝယ်ဒိုင်ဖွင့်ထားတော့ မြို့ပေါ်က ဒိုင်တွေက သီးခြားသွားဝယ်ရတာ မလွယ်တော့ အချို့ ရွာတွေမှာ စျေးနှိမ် ဝယ်ယူကြတော့ အခုလို ပြဿနာတွေ ရှိတာဖြစ်တယ်”ဟု မြိတ်မြို့ပေါ်က အဝယ်ဒိုင် တဦးက ပြောသည်။

ထိုကြောင့် ယခုလို ရာသီဖွင့်ပေါ်ချိန်တွင် ကျေးရွာတာဝန်ရှိသူများက သေချာစီမံခန့်ခွဲပြီး ထိန်းညှိပေးဖို့လိုအပ်ကြောင်း ဒေသခံ ဂျင်းကောက် ရေလုပ်သားများက မှတ်ချက်ပြု ပြောဆိုထားသည်။

“ဖြစ်နိုင်ရင် တာဝန်ရှိသူတွေက ထိန်းပေးစေချင်တယ်၊ ဒါမှလည်း ရောင်းသူ ဝယ်ယူသူတွေ နှစ်ဦးစလုံး အဆင်ပြေနိုင်တဲ့ အနေအထားတွေ ရှိသွားမှာပေါ့၊ ဒါမှမဟုတ် စျေးနှိမ်ဝယ်ယူနေတာကို ဒီအတိုင်း လွှတ်ပေးထားရင် ဒေသခံရေလုပ်သားတွေမှာ အဆင်မပြေမှုတွေ အများကြီး ရှိလာနိုင်တယ်”ဟု ကျွန်းစုမြို့နယ် ရေအေးကျေးရွာနေ ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ရေကန်တောင်၊ ကဒဲကတော့၊ ပန်းဇင်၊ မစမ်းပါး အပါအဝင် ဒီရေတောနှင့် ရွှံ့နုံးရှိသည့် ကျေးရွာအများစုတို့တွင် ဂျင်းမွေးမြူရေး လုပ်ကိုင်နေကြကြောင်း ဒေသခံများထံ သိရသည်။

ထို့အပြင် ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာတွင်လည်း ဂျင်း ကောက်ယူ ရောင်းချနေသူများလည်း ရှိနေသည်။

စာတည်း – သန့်ဇော်(သန်လျင်)