ဖားကန့်သပိတ် ဦးဆောင်သူ ၂ ဦး ထောင် ၁၀ နှစ်စီ ချမှတ်ခံရ

မဇ္ဈိမ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့တွင် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လှုပ်ရှားနေသော ဖားကန့်သပိတ် ဦးဆောင်သူနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သပိတ်အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

သပိတ်ခေါင်းဆောင် ကိုမြင့်လွင်နှင့် ကိုသိန်းတို့နှစ်ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် မိုးညှင်းခရိုင်တရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို ဘာလို့ဖမ်းတာလဲဆိုရင် ဖားကန့်သပိတ်မှာ ခေါင်းဆောင်တွေပေါ့နော်၊ ဦးဆောင်သူတွေ၊ နောက်ပြီး ထောက်ပို့တွေဘာတွေ လုပ်တာပေါ့” ဟု ဖားကန့်သပိတ်အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

၎င်းတို့နှစ်ဦးသည် ကားဖြင့်ခရီးသွားနေစဉ် ဖားကန့်မြို့နယ်၊ ကမ်းသာယာကျေးရွာစု အရောက်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ညနေပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

ကားပေါ်တွင် ၎င်းတို့နှစ်ဦးအပြင် ကိုမောင်အေးဆိုသူလည်း ပါဝင်ပြီး ဖမ်းဆီးခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ကိုမောင်အေးကို သေနတ်ဖြင့် ပစ်သတ်လိုက်သဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“သူ့အလောင်းကိုလည်း ပြန်မပေးဘူး” ဟု နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကိုမြင့်လွင်နှင့် ကိုသိန်းတို့ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ခုနစ်လကျော်အကြာတွင် ထောင်ဒဏ်များ ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးကို မိုးညှင်းအကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀ ကျော်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်