တနင်္သာရီမြို့တွင် စစ်ဘေးရှောင်ကူညီရေးကား တိမ်းမှောက်ပျက်စီး၊ လူထိခိုက်မှုမရှိ

တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်အားတွေ့ရစဉ်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့နယ်၊ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့လယ် ၁၂ နာရီခန့်က စစ်ဘေးရှောင်များအား ကူညီ‌နေသည့် လူမှုရေးကားတစီးလမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ကားပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိကြောင်းသိရသည်။

ညောင်ပင်ကွင်းကျေးရွာအခြေစိုက်ဗြဟ္မစိုရ် (၄) လူမှုကူညီရေးအသင်းမှ လူနာတင်ကားတစီးသည်
စစ်ဘေးရှောင်အဖိုးအိုတဦးအားပို့ပြီးအပြန်တွင် ညောင်ပင်ကွင်းရွာနှင့်ပျို့အိုင်ရွာအကြားရှိ သရက်ပင်စုအနီးတွင် တာယာပွင့်ထွက်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခြင်းဟု သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ကားပေါ်၌ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်ရှိနေပြီး နှစ်ဦးစလုံး ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကာ စိုးရိမ်စရာမရှိကြောင်း ယင်းအသင်းအဖွဲ့ဝင်များက ပြောသည်။ ယာဥ်၏မှန်များနှင့် ဘော်ဒီအစိတ်အပိုင်းတချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

ညောင်ပင်ကျေးရွာအခြေစိုက်စစ်ကောင်စီတပ် ခမရ(၅၆၁) တပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ ညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)၊ ညောင်ပင်ကွင်းရွာ (အနောက်ကမ်း)၊ ကျွဲထိန်းကွင်း၊ ထုံတော်ရွာတို့မှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရသည်။ လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၇,၀၀၀ ကျော် ရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

စာတည်း – အေးချမ်း