အီရန်နှင့် ပါကစ္စတန်တို့ တဦးပိုင်နက်တဦး ဘာကြောင့် ပစ်ခတ်နေကြသလဲ၊ ယင်းက အရှေ့အလယ်ပိုင်းအရေးနှင့် သက်ဆိုင်သလား

Photo; EPA

CNN

အရှေ့အလယ်ပိုင်းနှင့်အလွန်တွင် တင်းမာမှုများ သိသိသာသာ မြင့်တက်လာချိန်၌ ပါကစ္စတန်နှင့် အီရန် နှစ်နိုင်ငံအကြား ရန်လိုမှုများ မကြုံစဖူး တိုးလာကာ နယ်မြေများအပေါ် အချင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြသည်။

တဖက်တွင် ပါကစ္စတန်၏ ဘာလိုချီစတန်ပြည်နယ်နှင့် အခြားတဖက်တွင် အီရန်၏ စစ္စတန်နှင့် ဘလူချက်စတန်ပြည်နယ်တို့နှင့်အတူ နှစ်နိုင်ငံသည် ကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) ခန့်ရှည်သော မတည်ငြိမ်သောနယ်စပ်ဖြင့် ထိစပ်နေသည်။

နှစ်နိုင်ငံစလုံးသည် နယ်စပ်တလျှောက် မငြိမ်မသက်ဖြစ်နေသော ဘာလို့ချ်ဒေသရှိ စစ်သွေးကြွများကို တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် နှစ်နိုင်ငံသည် ခွဲထွက်ဘုံရန်သူ တူသော်လည်း ၎င်းတို့ပိုင်နက်အသီးသီးရှိ စစ်သွေးကြွများကို တိုက်ခိုက်နေခြင်းမှာ အထူးအဆန်းဖြစ်သည်။

“ခုခံဝင်ရိုး” ဟုခေါ်သော အရှေ့အလယ်ပိုင်းရှိ အီရန်၏ မဟာမိတ်များသည် ဂါဇာစစ်ပွဲ နောက်ခံဖြစ်သော အစ္စရေး တပ်ဖွဲ့များနှင့် ၎င်း၏မဟာမိတ်များအား တိုက်ခိုက်မှုများလုပ်ဆောင်နေစဉ် နှစ်နိုင်ငံအကြား ယခုတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်သည် ဇန်နဝါရီ ၁၆ ရက်က ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ကို စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ကလေးငယ် နှစ်ဦး သေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောသည်။

အီရန်က ထိုတိုက်ခိုက်မှုသည် ပါကစ္စတန်မြေပေါ်ရှိ အီရန်အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းသာဖြစ်ပြီး ပါကစ္စတန်နိုင်ငံသားများကို ရည်ရွယ်ခြင်းမဟုတ်ဟု ဆိုသည်။

သို့သော် တိုက်ခိုက်မှုက ပါကစ္စတန်အား အမျက်ထွက်စေခဲ့ကာ ယင်းသည် နိုင်ငံတကာဥပဒေနှင့် ပါကစ္စတန်နှင့် အီရန်အကြား နှစ်နိုင်ငံဆက်ဆံရေးစိတ်ဓာတ်ကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်က ပြောသည်။

ဂျိုက်ရှ် အယ်လ်-ဒူလမ် (တရားမျှတရေးတပ်ဖွဲ့) ခေါ် ဆွန်နီစစ်သွေးကြွအဖွဲ့ ဂျိုက်ရှ် အယ်လ်-အဒါလ် ၏ အမာခံနယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် Tasnim သတင်းအေဂျင်စီက ပြောသည်။

ခွဲထွက်ရေးစစ်သွေးကြွအဖွဲ့သည် အီရန်-ပါကစ္စတန်နယ်စပ် နှစ်ဖက်လုံးတွင် လှုပ်ရှားနေပြီး အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ယခင်က ဝန်ခံထားသည်။ ၎င်းအဖွဲ့၏ နောက်ဆုံးပန်းတိုင်မှာ အီရန်နိုင်ငံ၏ စစ္စတန်နှင့် ဘလူချက်စတန်ပြည်နယ်အတွက် လွတ်လပ်ရေးရရန်ဖြစ်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော ပါကစ္စတန်သည် အစ္စလာမ်ဘာသာတွင် အများဆုံးဖြစ်သည့် ဆွန်နီမွတ်စလင်များဖြစ်ပြီး အီရန်နှင့်မဟာမိတ်အဖွဲ့မှာ ရှီအာမွတ်စလင်များဖြစ်သည်။

အီရန်နှင့် ပါကစ္စတန်ကြား တင်းမာမှု မြင့်တက်လာ

အီရန်က ပါကစ္စတန်နိုင်ငံ၏ ဘာလိုချီစတန်ပြည်နယ်ကို ဒုံးကျည်ဖြင့် ပစ်ခတ်ပြီး နောက်တရက်တွင် ပါကစ္စတန်သည် အီရန်နိုင်ငံ စစ္စတန်နှင့်ဘလူချက်စတန်ပြည်နယ်ရှိ ခွဲထွက်ရေးအုပ်စုများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ပါကစ္စတန်သည် နှစ်ရက်အကြာတွင် စစ္စတန်နှင့် ဘလူချက်စတန်ရှိ ခွဲထွက်ရေးအဖွဲ့ဝင်များ ခိုအောင်းရာနေရာအများအပြားအား ပစ်မှတ်ထား စုပေါင်းတိုက်ခိုက်မှုများပြုလုပ်ကာ တုံ့ပြန်ခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး စစ်သွေးကြွ အများအပြား သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၁၈ တွင် ပြောသည်။ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ အားလုံးမှာ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်းနှင့် ထိုလူများ ရွာတွင် နေထိုင်နေသည့်အကြောင်းကို အာဏာပိုင်များက စုံစမ်းနေကြောင်း စစ္စတန်နှင့် ဘလူချက်စတန်ပြည်များ၏ ဒုအုပ်ချုပ်ရေးမှူးကို ကိုးကား၍ Tasnim သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်က ခွဲထွက်ရေးသမားများသည် အီရန်တွင် ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာများရှိသည်ဟု နှစ်ပေါင်းများစွာ စွပ်စွဲခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ပါကစ္စတန်နှင့် အီရန်တို့နယ်နိမိတ်တဖက်တချက်စီတွင် ရှိသော ခွဲထွက်ရေးသမားများကို တိုက်ခိုက်နေခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။

မငြိမ်သက်သော နယ်စပ်တလျှောက် နှစ်ပေါင်းများစွာအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်လက စစ္စတန်နှင့် ဘလူချက်စတန်ရှိ ရဲစခန်းများကို ဂျိုက်ရှ် အယ်လ်-အဒါလ် စစ်သွေးကြွများက ဝင်ရောက်စီးနင်းခဲ့ကာ အီရန်ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု အီရန်က စွပ်စွဲခဲ့သည်။

သို့သော် ထူးခြားသည်မှာ တဖက်နှင့်တဖက် ကြိုတင်အသိမပေးဘဲ ထိုနယ်စပ်ဖြတ်ကျော်ပစ်မှတ်များကို ပစ်ခတ်ရန် နှစ်ဖက်စလုံးက ဆန္ဒရှိနေခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အားလုံးသည် ဒေသကို ဂယက်ရိုက်စေခဲ့သော ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။

အထူးသဖြင့် အမေရိကန်က အီရန်၏ နောက်ထပ် လှုပ်ရှားမှုများကို ဟန့်တားရေးအတွက် ပြင်းထန်လာသော ရန်လိုမှုများကို လျှော့ချရန်နှင့် ၎င်း၏ စစ်အင်အားကိုပြရန် သတိကြီးစွာလုပ်ဆောင်နေရချိန်မှာ ကြီးမားသော ဒေသတွင်း ပဋိပက္ခသည် အီရန်အား နယ်နိများမိတ် ကျော်လွန်၍ ပစ်မှတ်များရှာရန် တွန်းအား ဖြစ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အီရန်သည် ပါကစ္စတန်ကို တိုက်ခိုက်မှုများမပြုလုပ်မီ တရက်အလိုတွင် အီရတ်နှင့် ဆီးရီးယားအား ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့များနှင့် အီရန်ဆန့်ကျင်ရေး အကြမ်းဖက်အဖွဲ့များကို ကူညီနေသော သူလျှိုအခြေစိုက်စခန်းတခုကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

ထို့ပြင် အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု အင်အားကြီး ဟစ်ဇ်ဘိုလာအဖွဲ့ကြား လက်ဘနွန်နယ်စပ်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်ခဲ့သည့် ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကိုလည်း အမေရိကန်က တိုက်ခိုက်လျက်ရှိသည်။

“အီရန်နဲ့ သူ့ရဲ့အပေါင်းအပါတွေကို အပြစ်မတင်ရင် သူတို့အနေနဲ့ အဲဒီလှုပ်ရှားမှုတွေကို ဆက်လုပ်မှုအတွက် နစ်နာဆုံးရှုံးမှုဆိုတာ ရှိမှာမဟုတ်ဘူး ” ဟု Carnegie Endowment for International Peace မှ ပညာရှင် ကာရင်ဆာဂျာပေါက ပြောကြားခဲ့သည်။

ယီမင်နှင့် ဆီးရီးယားတို့ကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများနှင့် မတူစွာ အရှေ့အလယ်ပိုင်းတွင် အီရန် ရပ်တည်ချက်မှာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုမှ အကျိုးအမြတ်ရရန်နှင့် အာဏာလစ်ဟာမှုများကို ဖြည့်ဆည်းရန်ဖြစ်ကြောင်းနှင့် ယခုအခါ အီရန်၏ လုပ်ဆောင်မှုများသည် ပါလက်စတိုင်းတို့အား အားကောင်းလာစေရေးနှင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုအား တန်ပြန်ရေးတို့ အပါအဝင် ၎င်း၏ အဓိကရည်မှန်းချက်များစွာကို အကောင်အထည်ဖော်ရန် လုပ်ဆောင်သည်ဟု ကာရင်ဆာဂျာပေါက ပြောကြားခဲ့သည်။

NATO မဟာမိတ်တပ်မှူးဟောင်း အငြိမ်းစား အမေရိကန်ဗိုလ်ချုပ်ကြီး ဝက်စ်လေကလာ့ခ်က အမျိုးမျိုးသော ရန်စမှုများသည် ဒေသတွင်း ခေါင်းဆောင်တဦးအဖြစ် အီရန်၏ အခန်းကဏ္ဍကို ခိုင်မြဲစေရန် ကြိုးပမ်းနေမှုကို ပြသနေကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ ဒေသတွင်း ဗိုလ်ကျစိုးမိုးဖို့ ကြိုးပမ်းနေတာပါ။ အမေရိကန်နဲ့ အစ္စရေးတို့ အဲဒီမှာ ရှိနေချိန် အစ္စရေးက ဟားမတ်စ်နဲ့ စစ်ဆင်နွှဲနေတဲ့အခါ အီရန်က သူ့ကိုယ်သူ ပြန်ခုခံဖို့ လိုအပ်တယ်လို့ ခံစားမိနေတာပါ” ဟု ဗိုလ်ချုပ်ကြီးက CNN သို့ ပြောကြားခဲ့သည်။

နယ်စပ်ပဋိပက္ခ

ဘာလို့ချ်ပြည်သူများသည် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အီရန်နိုင်ငံတို့ ထိစပ်ရာ အရပ်တွင် နေထိုင်ကြသည်။ ၎င်းတို့သည် လွတ်လပ်သောအသိုင်းအဝိုင်းအဖြစ် ကာလရှည်ကြာ ထုတ်ဖော်ပြောဆိုခဲ့ပြီး နယ်စပ်တလျှောက် ဆယ်စုနှစ်များစွာ သောင်းကျန်းမှုများ ရင်ဆိုင်ရကာ ပါကစ္စတန်နှင့် အီရန်နှစ်ဖွဲ့စလုံး၏ အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြသည်။

သူတို့နေထိုင်ရာ ဒေသသည် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း ဘာလို့ချ်ခွဲထွက်ရေးသမားများက ဒေသ၏ အဆင်းရဲဆုံးတွင်ပါဝင်သော ၎င်းတို့ပြည်သူများသည် ချမ်းသာကြွယ်ဝမှုကို မျှဝေခံစားခွင့်မရကြောင်း ပြောသည်။

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်သော ဘာလိုချီစတန်သည် ဒေသ၏ တွင်းထွက်သတ္တုများအား နိုင်ငံတော်၏ လက်ဝါးကြီးအုပ်မှုအပေါ် မကျေမနပ်ဖြစ်ကာ လွတ်လပ်ရေးတောင်းဆိုသော ခွဲထွက်ရေးသမားများ၏ ဆယ်စုများစွာကြာ ဆူပူသောင်းကျန်းမှုကြောင့် မကြာသေးမီနှစ်များအတွင်း လူသေစေသော တိုက်ခိုက်မှုများစွာကို ကြုံတွေ့ရသည်။

အီရန်သည်လည်း ကာ့ဒ်၊ အာရပ်နှင့် ဘာလို့ချ်လူနည်းစုများ၏ ပုန်ကန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ဂျိုက်ရှ် အယ်လ်-အဒါလ်အဖွဲ့သည် အီရန်တွင် လှုပ်ရှားနေသော ခွဲထွက်ရေး အဖွဲ့များစွာအနက် တဖွဲ့ဖြစ်သည်။ ၎င်းတို့ခေါင်းဆောင်ကို ၂၀၁၀ ခုနှစ်တွင် အီရန်မှ ကွပ်မျက်ပြီးနောက် ပြိုလဲသွားသော ဂျန်ဒါလာ ခေါ် ဆွန်နီစစ်သွေးကြွအုပ်စု၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း အမေရိကန်အစိုးရ၏ နိုင်ငံအကြမ်းဖက်မှု တန်ပြန်ရေးစင်တာက ပြောကြားခဲ့သည်။ ထို့နောက် ဂျိုက်ရှ် အယ်လ်-အဒါလ်အဖွဲ့အဖြစ် ပေါ်ပေါက်လာကာ အမေရိကန်နိုင်ငံခြားရေးဌာနက ၎င်းတို့အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။

ထိုအဖွဲ့သည် အီရန်လုံခြုံရေးဝန်ထမ်းများ၊ အစိုးရအရာရှိများနှင့် ရှီအာအရပ်သားများကို ပစ်မှတ်ထားလေ့ရှိသည်ဟု နိုင်ငံအကြမ်းဖက်မှုတန်ပြန်ရေးစင်တာက ပြောသည်။

အဆိုပါအဖွဲ့သည် ၂၀၁၅ ခုနှစ်က အီရန်နယ်ခြားစောင့်တပ်သား ရှစ်ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး စစ်သွေးကြွများသည် ပါကစ္စတန်မှ အီရန်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်ကလည်း စစ္စတန်-ဘာလိုချီစတန်တွင် အီရန်စစ်သားများစီးနင်းလာသော ဘတ်စ်ကားအား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကာ ၂၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

အီရန်က ပါကစ္စတန်ကို တိုက်ခိုက်မှုအပြီး တရက်အကြာ ဇန်နဝါရီ ၁၇ ရက်က ဂျိုက်ရှ် အယ်-အဒါလ်အဖွဲ့သည် စစ္စတန်နှင့်ဘလူချက်စတန်ပြည်နယ်၌ အီရန်စစ်ကားတစီးအားတိုက်ခိုက်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ဘာတွေဆက်ဖြစ်လဲ

အီရန်၏ ဇန်နဝါရီ ၁၆ ရက်က တိုက်ခိုက်မှုများကြောင့် သံတမန်ရေး ကတောက်ကဆတ်ဖြစ်ခဲ့ပြီး ပါကစ္စတန်က အီရန်နိုင်ငံမှ ၎င်းတို့သံအမတ်အား ပြန်ခေါ်ခဲ့ကာ အီရန်မှ အဆင့်မြင့်အရာရှိများ လာရောက်မှုအားလုံးကို ဆိုင်းငံ့ထားသည်။

ပါကစ္စတန်၏ တန်ပြန်တိုက်ခိုက်မှုအပြီးတွင် အီရန်သည် ဇန်နဝါရီ ၁၈ ရက်က ဖြေရှင်းချက်တောင်းဆိုခဲ့သလို အီရန်စစ်တပ်သည် လေတပ်၊ ရေတပ်နှင့် မြေပြင်တပ်ဖွဲ့များဖြင့် နိုင်ငံ၏အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများကလည်း ချိန်ဆနေကြကာ တူရကီနိုင်ငံခြားရေးဝန်ကြီးက အီရန်နှင့်ပါကစ္စတန်ရှိ နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆက်အဆံပြုနေဆဲဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် တင်းမာမှုများ ထပ်မံမြင့်တက်လိုကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အိန္ဒိယက အကြမ်းဖက်ဝါဒကို လုံးဝလက်မခံကြောင်းနှင့် တိုက်ခိုက်မှုသည် အီရန်နှင့် ပါကစ္စတန်အကြား ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်က နှစ်နိုင်ငံအား ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တိုက်တွန်းခဲ့ကာ ဥရောပသမဂ္ဂကလည်း အရှေ့အလယ်ပိုင်းနှင့်အလွန်တွင် အကြမ်းဖက်မှုမြင့်တက်လာခြင်းအပေါ် လွန်စွာ စိုးရိမ်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်မစ်လာက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်နှင့် တိုက်ခိုက်မှုများသည် ဂါဇာအရေးနှင့်ဆက်စပ်သည်ဟု မထင်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ပြောသည်။

“ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေမြင်တိုင်း ပဋိပက္ခတွေ တိုးလာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဒါ ကျွန်တော်တို့ ရှောင်ရှားဖို့ကြိုးစားနေတဲ့အရာပါ”ဟု မက်မစ်လာက ဆိုသည်။

အီရန် သို့မဟုတ် ပါကစ္စတန်သည် ၎င်းတို့ ဘုံရန်သူဟု ယူဆသော ခွဲထွက်ရေး အဖွဲ့များအပေါ် အပြည့်အဝ စစ်ပြုလိုခြင်း ရှိ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ နှစ်နိုင်ငံစလုံးက တိုက်ခိုက်မှုများ အပြီးတွင် တင်းမာမှုများမြင့်တက်လာမည်ကို မလိုလားကြောင်း အရိပ်အမြွက် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အီရန်အား ညီနောင်နိုင်ငံဟု ခေါ်ဆိုခဲ့ကာ ပူးပေါင်းအဖြေရှာရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပါကစ္စတန်အား မိတ်ဆွေနိုင်ငံဟုခေါ်ဆိုကာ ၎င်းတို့ ပစ်ခတ်မှုများသည် မျှတကြောင်းနှင့် စစ်သွေးကြွများကို ပစ်မှတ်ထားခြင်းသာဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။