ကန်ကြီးထောင့် NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ပုံအညွှန်း- ဖမ်းဆီးခံရသည့် ဦးစိုးမိုးထွန်း

မင်းထက်

(မဇ္စျိမ)။   ။ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းသည် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ကန်ကြီးထောင့်မြို့ ၊မြင်းကဆိပ်ကျေးရွာရှိ ၎င်း၏နေအိမ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ကျိုက်လတ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။

“ကိုစိုးမိုးထွန်းက ကန်ကြီးထောင့်မြို့ပေါ်မှာ ဆန္ဒပြတုန်းကပါတယ်။ နောက်တော့ သူ့သတင်းဘာမှကိုမကြားတော့ဘူး။ ရှောင်နေရင်း အိမ်ပြန်နေတဲ့အချိန်မှာ သတင်းပေးကတိုင်လို့ အဖမ်းခံရတာလို့ကြားတယ်”ဟု ကန်ကြီးထောင့်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဦးစိုးမိုးထွန်းအား ကန်ကြီးထောင့်မြို့ရဲစခန်းတွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး ပုဒ်မတပ်တရားစွဲခြင်းများပြုလုပ်ခြင်း ရှိ၊ မရှိကို အတိအကျမသိရသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ၏ပြောပြချက်အရသိရသည်။

ဦးစိုးမိုးထွန်းသည် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် ရွှေးကောက်ပွဲများတွင် နှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့် ကန်ကြီးထောင့်မြို့နယ်မှ NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းမရှိကြောင်း မဇ္စျိမကစုံစမ်းသိရှိရသည်။

“သူ(ဦးစိုးမိုးထွန်း)နဲ့က အဆက်အသွယ်မရတာကြာပြီ။အခု အဖမ်းခံရမှ သူ့သတင်းကို ပြန်ကြားရတာပေါ့”ဟု လွှတ်တော်ကိုယ်စားလှယ်တဦးကပြောသည်။

ဧရာဝတီတိုင်းတွင် လက်ရှိဖမ်းဆီးခံရသည့် ဦးစိုးမိုးထွန်းအပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးအထိရှိလာပြီဖြစ်သည်ဟုသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး