ဒိုက်ဦးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်ခတ်ခံရ၊ ရာအိမ်မှူးသေဆုံး

ပုံအညွှန်း- ဒိုက်ဦးမြို့အဝင်ဆိုင်းဘုတ်

YT

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး ရာအိမ်မှူး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

” ရာအိမ်မှူး နေရာမှာပဲ သေသွားတယ်တဲ့။ နှစ်ယောက်လုံးက ၆၀ ကျော်အရွယ်တွေဗျာ။ အသက်ကြီးပေမယ့် အထာညက်တယ်ပေါ့ဗျာ လူသဘောကျအောင်တော့ နေတတ်တယ်။ အခု ပြည်သူ့စစ်တွေ ဖွဲ့ဖို့ လုပ်နေတာတွေထဲလည်း ပါတယ်လို့တော့ ပြောနေကြတာပဲ၊ သေချာတော့ မသိဘူး” ဟု ဒိုက်ဦးမြို့နယ် ဒေသခံက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ် (၉) ဖအောင်ဝဲရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းနှင့် ရာအိမ်မှူး ဦးခင်မောင်မြင့်တို့ အတူထိုင်နေကြစဉ် တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရာအိမ်မှူး ဦးခင်မောင်မြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းသည် လက်မောင်းနှင့် လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပဲခူးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

” ဟိန်းကျော်ဆိုင်မှာ ဖြစ်တာတဲ့။ ရာအိမ်မှူးက နေရာမှာပဲ သေသွားတယ်၊ အုပ်ကြီးကိုက ဆေးရုံတင်သွားတယ်တဲ့ အဲ့ဒီလိုကြားတာပဲ။ ကျွန်မတို့က မျက်မြင်မဟုတ်တော့ သေချာမပြောတတ်ဘူး” ဟု ဒိုက်ဦးမြို့ပေါ် ဒေသခံအမျိုးသမီးက မဇ္ဈိမကိုပြောသည်။

မဇ္ဈိမအနေဖြင့် ဒိုက်ဦး ပကဖ တာဝန်ရှိသူထံ ဖြစ်စဉ် ဖြစ်ပွားသည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ယနေ့အထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရသေးချေ။

လက်ရှိတွင် ဒိုက်ဦးမြို့နယ်အပါအဝင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် နေထိုင်သည့် ပြည်သူများအား ပြည်သူ့စစ်အဖွဲ့အတွင်းဝင်ရန် စစ်ကောင်စီက ခြိမ်းခြောက် စေခိုင်းမှုများ ရှိနေပြီး စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူလူထုကို ဖိအားပေး ခြိမ်းခြောက်နေသူအားလုံးအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း NUG၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)