ကိုးကန့်ဒေသတွင် ခိုးယူလုယက်သူများကို သေဒဏ်ပေးမည်ဟု MNDAA ထုတ်ပြန်

ပုံအညွှန်း-ဇန်နဝါရီလ ၅ ရက်နေ့ လောက်ကိုင် ဒကစ မှ သိမ်းဆည်းရရှိခဲ့သောသံချပ်ကာကားနှင့် MNDAA ညွှန်ကြားရေးမှူးများ (The Kokang)

ပုံအညွှန်း-ဇန်နဝါရီလ ၅ ရက်နေ့ လောက်ကိုင် ဒကစ မှ သိမ်းဆည်းရရှိခဲ့သောသံချပ်ကာကားနှင့် MNDAA ညွှန်ကြားရေးမှူးများ (The Kokang)

ဂျူချန်း

(မဇ္ဈိမ)။ ။ ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ထားသည့် ကိုးကန့်ဒေသတွင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်သူများကို သေဒဏ်ချမှမည်ဟု မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNDAA )က ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ပြည်သူအများစုသည် မြို့ကိုစွန့်ခွာကာ အခြားနေရပ်တွင် တိမ်းရှောင်နေကြရသည်။ ထို့ကြောင့် မြို့တွင်းကျန်ရှိနေသည့် လူမနေသည့် နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းခိုးယူမှုများ ဖြစ်ပေါ်နေကြောင်း တိမ်းရှောင်နေသူများက ပြောသည်။

“(ပစ္စည်းယူတဲ့သူတွေက)ရွာတွေဘက်ကလို့ပြောတယ် မြင်တဲ့သူတွေကတော့။ အိမ်တွေကိုဖောက်တာ ကားကိုဖင်ထိုးပြီးကိုတင်တာ။ ပေါ်တင်ပဲကားနဲ့တင်နေကြတာ” ဟု “ဝ” ပြည်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေသည့် လောက်ကိုင်မြို့ဒေသခံတဦးက ပြောသည်။

MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် MNDAA အရာရှိစစ်သည်များနှင့် စစ်ဝတ်စုံဝတ်ဆင်ကာ စစ်သားယောင်ဆောင်သူများအပါအဝင် မည်သူမဆို ပြည်သူများကို ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ပစ္စည်းဖောက်ထွင်းခိုးယူခြင်းများ လုပ်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ပြီး ပစ်မှုထင်ရှားပါက ချက်ချင်းကွပ်မျက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားပြစ်မှု ကျူးလွန်သူများကိုမူ သက်ဆိုင်ရာ အထူးအုပ်ချုပ်ရေးဒေသ၏ ရာဇဝတ်ဥပဒေအတိုင်း အရေးယူသွားမည်ဟု ဆိုသည်။

ယင်းသို့ နေအိမ်ဖောက်ထွင်းသူများနှင့် လုယက်၊ ခိုးမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ယခင်ကလည်း MNDAA မှ အမိန့်ထုတ်ပြန်ဖူးကြောင်း အခြားလောက်ကိုင်ဒေသခံတဦးက ပြောသည်။

“သူတို့(MNDAA)ကအရင်ကတည်း ခိုးတာကိုသိပ်မကြိုက်ကြဘူး။ အရင်စစ်တပ်မအုပ်ချုပ်ခင်ကလည်း ခိုးရင် သေဒဏ်ပေးတဲ့စနစ်ရှိတယ်။ အခုလည်း သူတို့စစ်သားတွေကို စည်းကမ်းထုတ်တာပဲဖြစ်မှာပါ။ အိမ်ဖောက်တာကလည်း ကိုးကန့်လူမျိုးကတော့အများစုပေါ့ အခြားတိုင်းရင်းသားတွေလည်း ပါမှာပါ” ဟု လောက်ကိုင်မြို့ခံက ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦးအပါအဝင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တခုလုံး ညီနောင်သုံးဖွဲ့ထံ လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကို MNDAA မှ ထိန်းချုပ်ခဲ့သည်။ ၎င်းတို့ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် စစ်ကောင်စီမှ သတ်မှတ်ထားသည့် စစ်အုပ်ချုပ်ရေးနှင့် အမိန့်ကြေညာချက်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA)၏ စစ်ရေးအုပ်ချုပ်မှု ကော်မတီမှ အပြီးတိုင်ပယ်ဖျက်ကာ ဒေသတွင်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း MNDAA မှ ဇန်နဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)