ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းယူ

သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်း။

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဝှေခါဗျူဟာကုန်းကို ကေအိုင်အေဦးဆောင်သည့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကေအိုင်အေရှေ့တန်း သတင်းအရင်းအမြစ်များက ဆိုသည်။

“ဒီစခန်းက စခန်းကြီးဟုတ်တယ်။ ခုတော့ ပြေးနေတဲ့သူတွေကို လိုက်ဖမ်းနေတုန်းပဲ ” ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

ဝှေခါရွာကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ဝှေခါစစ်ကောင်စီတပ်ဖွဲ့ ဗျူဟာကုန်းနှင့် ရဲခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ဝှေခါရဲစခန်းတခုကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး ဝှေခါဗျုဟာကုန်းကို အပြီးသတ်သိမ်းယူနိုင်ရန် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ၁၅ ရက်ကြာ ပြင်းထန်ခဲ့ပြီး ယနေ့တွင် ဝှေခါဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း‌ဖြစ်ကြောင်း ကေအိုင်အေရှေ့တန်းသတင်းအရင်းအမြစ်က ဆိုသည်။

ဝေခါဗျူဟာကုန်းရဲစခန်းအား သိမ်းပိုက်ရာတွင် စစ်တပ်မှ ပြောင်းလာသော ဝှေခါရဲစခန်း စခန်းမှူးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဖားကန့် – အင်းတော်ကြီးလမ်းပိုင်း မပြတ်တောက်နိုင်ရေးအတွက် လေယာဉ်ပစ်ကူအပြင် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဝှေခါဗျူဟာကုန်းကို သိမ်းပိုက်ရရှိရန် ၁၅ ရက်အထိ ကြာမြင့်ခဲ့ရခြင်းဖြစ်‌သည်ဟု ကေအိုင်အေရှေ့ တန်းသတင်းအရင်းအမြစ်က ဆိုသည်။

ဝှေခါဗျူဟာကုန်းသည် ဖားကန့် – အင်းတော်ကြီးလမ်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့အတွက် အလွန်အရေးပါသော ဗျုဟာကျ စခန်းကုန်းတခုဖြစ်ပြီး၊ လက်ရှိအချိန်တွင် စခန်းစွန့်ခွါ ထွက်ပြေးသွားသည့် ဝှေခါဗျုဟာကုန်း ဗိုလ်မှူးနှင့် တပ်ဖွဲ့ဝင်အချို့ကို လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းရေးများ ပြုလုပ်နေကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားသော ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးသည်ဟု မြေပြင်အချက်အလက်အရ သိရသည်။

လက်ရှိအချိန်တွင် ဝှေခါစစ်တပ်ဗျုဟာကုန်းကို ဖားကန့်မြို့တွင်းရှိ ဗျုဟာကုန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။]

စာတည်း ။ ။ ဖူးသိမ်ကျ

ရုပ်သံအညွှန်း-သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်း။