မိုးမိတ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ပိတ်မိနေ

ပုံအညွှန်း- ဇန်နဝါရီ ၁၉ ရက် ညပိုင်း မိုးမိတ် မြို့မဈေး မီးလောင်ကျွမ်းစဉ် (CJ)

ပုံအညွှန်း- ဇန်နဝါရီ ၁၉ ရက် ညပိုင်း မိုးမိတ် မြို့မဈေး မီးလောင်ကျွမ်းစဉ် (CJ)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်လျက်ရှိရာ ဒေသခံများ ပိတ်မိနေဆဲဖြစ်ကြောင်း ကျန်ရှိနေသည့် မြို့ခံများက ပြောသည်။

“အခုပြေးနေတာ သုံးရက်ရှိပြီ ၁၈ ရက်နေ့တည်းကဖြစ်နေတာ။ လေကြောင်းက (လာကြဲတဲ့ အကြိမ်ရေ) မရေနိုင်တော့ဘူး တမြို့လုံးလည်း ပြာကျနေပြီ” ဟု မိုးမိတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မိုးမိတ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းမှ စတင်ကာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၉ ရက် ည ၇နာရီဝန်းကျင်ခန့်တွင် မိုးမိတ်မြို့မဈေးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဈေးတခုလုံး မီးလောင်ပြာကျသွားကြောင်း အခြားဒေသခံတဦးထံမှ သိရသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ ရှုပ်ထွေးနေသည့် အခြေအနေများကြောင့် သေဆုံးသွားသည့် အရပ်သားအရေအတွက်ကို အတည်ပြု၍မရနိုင်သေးကြောင်းလည်း ဆိုသည်။

“သေတဲ့လူလည်း ရှိတယ်။ ခုကတမြို့လုံး ထွက်နေကြတုန်း ဘာ(အလောင်း)မှ မကောက်နိုင်သေးဘူး။ သေတဲ့သူရှိတယ်။ ဘယ်နှယောက်လဲ မသိသေးဘူး။ ခုပြေးနေရတုန်း” ဟု မိုးမိတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည့် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

မိုးမိတ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံအများစု တိမ်းရှောင်ခဲ့ကြသော်လည်း မြို့ထဲတွင် အိမ်စောင့်ကျန်ခဲ့သူများ ရှိသေးကြောင်း သိရသည်။ လက်ရှိတွင် ယင်းဒေသခံများသည် တိုက်ပွဲများကြားတွင် ပိတ်မိနေခြင်း ဖြစ်သည်။

“တချို့တွေကျတော့ နေရပ်မစွန့်ခွာနိုင်တဲ့သူတွေ၊ တချို့တွေက ရှိနေတဲ့ အိမ်တွေ မပျက်စီးအောင် စောင့်ရှောက်ဖို့ ကျန်ခဲ့တဲ့သူတွေ ရှိတာပေါ့။ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေကတော့ အဲ့ဒီမှာပဲ ပိတ်မိနေကြတာပေါ့” ဟု အခြားမြို့ခံတဦးက ပြောသည်။

မိုးမိတ်မြို့တွင် ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းများ အခြေစိုက်ကာ စစ်ကောင်စီတပ်စခန်းများကို KIA PDF မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲအခြေအနေနှင့်ဆက်စပ်၍ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ နှင့် မိုးမိတ် KPDF ကို ဆက်သွယ်ရန် မဇ္ဈိမမှ ကြိုးစားနေဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်မူ မိုးမိတ်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ မိုးမိတ်ရဲစခန်း ကျသွားပြီဖြစ်ပြီး မိုးမိတ်မြို့ကို KIA၊ PDF လက်ထဲသို့ ကျရောက်ခြင်းမရှိစေရန် စစ်ကောင်စီအနေဖြင့် လုပ်သင့်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းနေကြသည်။

မိုးမိတ်မြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သိမ်းပိုက်ထားသည့် မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ၊ နမ့်ဆန် စသည့် မြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် အချက်အချာကျသည့် မြို့လည်း ဖြစ်သည်။ မိုးမိတ်မြို့တွင် ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းများ အခြေစိုက်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ