KIA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသော မိုးမိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အရပ်သားများ ပိတ်မိနေ

ပုံအညွှန်း- ဇန်နဝါရီ ၁၉ ရက် ညပိုင်း မိုးမိတ် မြို့မဈေး မီးလောင်ကျွမ်းစဉ် (CJ)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအစပ်တွင် တည်ရှိသည့် မိုးမိတ်မြို့တွင် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားများ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ခုကတော့ မိုးမိတ်တမြို့လုံး ပြာကျနေပြီ။ တိုက်ပွဲလည်း ဖြစ်နေတုန်းပဲ။ ကြောက်လို့လန့်လို့ နှလုံးရပ်ပြီး သေတော့မယ်။ (မြို့ထဲကနေ) ထွက်နေတယ်ရှင့်။ တနေရာရောက်လိုက် ဟိုနားရောက်လိုက် ဒီနားရောက်လိုက်နဲ့ပဲ။ ခုပြေးနေတာရှင့်” ဟု မိုးမိတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည့် အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

၎င်းအနေဖြင့် ဇန်နဝါရီ ၁၈ ရက်နေ့မှ စတင်ကာ မိုးမိတ်မြို့ကို စွန့်ခွာရန် ပြင်ဆင်နေသော်လည်း တိုက်ပွဲအတွင်း လက်နက်ကြီးကျည်နှင့် လေကြောင်း တိုက်ခိုက်မှု များကြောင့် မြို့ကို စွန့်ခွာတိမ်းရှောင်ရန် အခွင့်မသာသေးခြင်းကြောင့် အန္တရာယ်ကင်းမည်ဟု ယူဆရသည့်နေရာ တနေရာပြီး တနေရာ အနည်းငယ်ချင်းသာ ရွှေ့ပြောင်းနေရကြောင်း ပြောသည်။

မိုးမိတ်မြို့နယ် အနီးတဝိုက်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၈ ရက်နေ့တွင် မိုးမိတ်မြို့အတွင်းသို့ တိုက်ပွဲကူးစက်လာကာ ပိုမို ပြင်းထန်လာခြင်းဖြစ်သည်။

ဒေသခံအများစု တိမ်းရှောင်သွားကြသော်လည်း မိုးမိတ်မြို့တွင်းတွင် အိမ်စောင့်ကျန်ခဲ့သူများနှင့် မရွှေ့ပြောင်းနိုင်သည့် သက်ကြီးရွယ်အိုများစွာ တိုက်ပွဲအတွင်းပိတ်မိနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အမျိုးသားတွေ အိမ်စောင့်ကျန်ခဲ့တာ။ ပြီးတော့ သက်ကြီးရွယ်အိုတွေပေါ့နော်၊ အဘိုးအဘွားတွေက မလိုက်နိုင်ဘူးဆိုတော့ နေခဲ့တာ။ ဒီလောက်ထိ ဖြစ်မယ်လည်း မထင်ဘူးလေ။ လုပ်နိုင်ကိုင်နိုင်တဲ့ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေနဲ့ အဘိုးအဘွားတွေက ပိတ်မိနေတာ” ဟု အခြားဒေသတွင် တိမ်းရှောင်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး နေရာအချို့တွင် မိုင်တဲ ဖုန်းလိုင်းတခုသာ ဆက်သွယ်၍ ရနေသည်။

“ဖုန်းလိုင်းဆိုးရွာစွာ ပြတ်တောက်နေလို့ ပြောနေရင်း ဖုန်းကျသွားတာလည်းရှိတယ်” ဟု ဒေသခံကပြောသည်။

မိုးမိတ်မြို့တွင်း ပိတ်မိနေသူ ရာနှင့်ချီ ရှိနိုင်သည်ဟု ခန့်မှန်းထားကြပြီး ကျန်ခဲ့သည့် မိသားစုဝင်များကို စိတ်ပူနေရကြောင်း စစ်ဘေးရှောင်နေသည့် မြို့ခံတဦးက ပြောသည်။

“၁၉ ရက်နေ့ညကဖုန်းပြောဖြစ်သေးတယ်၊ ၂၀ ရက်နေ့ကျ သတင်းမရတော့တဲ့ခါကျတော့ စောင့်ကြည့်ရင်းနဲ့မှ မနေ့ကလည်း သတင်းမရတော့ စိတ်ပူလာတာ။ ပိတ်မိနေတယ်ထင်တာပဲ။ မိုင်တဲ နဲ့ပဲ ၂၀ ရက်နေ့မနက်မှာ ခေါ်မရတော့တာ။ အိမ်က အမျိုးသားတွေ မထွက်လာသေးလို့ စိတ်ပူလို့။ တော်တော်များများ ရှိဦးမယ်ထင်တာပဲ။ ရာနဲ့ချီ ရှိဦးမယ်” ဟု ဒေသခံက ပြောသည်။

မိုးမိတ်မြို့တွင် ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းများ အခြေစိုက်ကာ ထိုစစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သိရှိရန် KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမ ဆက်သွယ်နေဆဲ ဖြစ်သည်။

မိုးမိတ်မြို့နှင့် ကပ်လျက်ရှိသည့် မဘိမ်းမြို့ကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် KIA ၊ KPDF ၊ ABSDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည်။

မိုးမိတ်မြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ သိမ်းပိုက်ထားသည့် မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ၊ နမ့်ဆန် စသည့် မြို့နယ်များနှင့် ထိစပ်နေသည်။ TNLA ၏ သတ်မှတ်နယ်မြေတွင် မိုးမိတ်မြို့နယ်သည် တပ်မဟာ(၂) စစ်ဒေသ၌ ပါဝင်သည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့အကြား တတိယအကြိမ်ဆွေးနွေးပွဲရလဒ်အဖြစ် ဟိုင်ဂင် စာချုပ် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီးနောက် ရှမ်းမြောက်တွင် ညီနောင်သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA နှင့် AA တို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ထားသည်။

သို့သော် ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ညတွင် မိုးမိတ်မြို့ နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကြားရှိ TNLA တပ်များရှိရာနေရာသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်ရာမှ TNLA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်းတွင် လက်နက် သုံးလက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုးမိတ်မြို့မြောက်ပိုင်းရှိ ရွှေဇာလီရွာ၊ အရှေ့ပိုင်းရှိ အာသံရွာတို့ရှိ စစ်စခန်းများနှင့် မိုးမိတ်မြို့အလယ်ရှိ ရဲစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းယူထားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မိုးမိတ်မြို့သည် ရှမ်းမြောက်ဒေသ၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် အချက်အချာကျသည့် မြို့တခု ဖြစ်ပြီး ယင်းမြို့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) စသည့် တိုင်းရင်းသားလက်နက်ကိုင်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ လှုပ်ရှားကြကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်