ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းကောက်

စစ်ရှောင်စခန်းတခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စာရင်းကောက်ယူမှု ပြုလုပ်နေစဉ်(ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ဒုတိယအပတ်မှစ၍ အဆိုပါ မြို့များ​၏ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ခြင်း၊ စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်းများ စတင်ပြုလုပ်နေကြောင်း သိရသည်။

” ပြီးခဲ့တဲ့ အပတ်တုန်းက ဘာသာပေါင်းစုံကော်မတီကသူတွေကို ခေါ်တွေ့တယ်လေ။ စာရင်းကောက်ပေးဖို့ ပြောတယ်။ သံတောင်မှာက သင်းအုပ်ဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုက အရမ်းကြီးတော့ သူတို့ကို စည်းရုံးခိုင်းတာ” ဟု သံတောင် (၁၃)မိုင်မှ ဒေသခံတဦးက ပြောသည်။

အလားတူ မြဝတီမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အောင်မြင်ရွှေဘုံအပါအဝင် မြို့ပေါ် ရပ်ကွက်အချို့၊ လှိုင်းဘွဲ့မြို့ပေါ်နှင့် ကျေးရွာအချို့၊ ဘားအံမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

” အမှတ် (၅)၊ အမှတ် (၃)၊ ဟေမာန်ဦးဘက်တွေမှာ ကောက်နေတာကြာပြီ။ ဖောင်တွေ ဖြည့်ခိုင်းတယ်၊ မနေ့ကလည်း အောင်မြင်ရွှေဘုံဘက် လာကောက်သွားသေးတယ်တဲ့။ ယောကျ်ားလေးတွေပဲ ဖောင်ဖြည့်ရတာပါ မိန်းကလေးမပါဘူး” ဟု မြဝတီဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

” ကျွန်တော်တို့ကတော့ စစ်မှုမထမ်းဘူး။ တောထဲဝင်မှာ” ဟု မြဝတီမြို့ခံ လူငယ်တဦးကလည်း မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းများ ကောက်ယူနေသည့် မြို့နယ်များသည် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြို့နယ်များသာဖြစ်ပြီး စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်း မရှိသည့် ကော့ကရိတ်မြို့နယ်၊ ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ကောက်ယူခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ဖာပွန်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီ​၏ စစ်မှုထမ်းရန် စာရင်းကောက်ယူမှုများကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီမြို့တို့မှ လူငယ်အချို့သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ခွာ၍ အလုပ်လုပ်မှုများ ရှိနေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)