တရုတ်က အလွန်အန္တရာယ်များသောလှည့်ကွက်ကို ကစားနေ

The Age

ဘတ်အယ်မန်ဒက်ရေလက်ကြားတွင် ဟူသီအဖွဲ့၏ ဒုံးကျည်ပစ်ခတ်မှုများ ဆက်ဖြစ်နေလေလေ ရှီကျင့်ဖျင်အတွက် ပထဝီဝင်နိုင်ငံရေးအရ အကျိုးအမြတ်ရရှိရန် နည်းပါးလေလေဖြစ်သည်။

တချိန်ချိန်တွင် အဆိုပါပဋိပက္ခသည် တရုတ်၏ရေရှည်စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွားအတွက် ဆိုးရွားသောအန္တရာယ် စတင်စေနိုင်သည်။ ပင်လယ်နီတွင် သင်္ဘောများတိုက်ခိုက်ခံရမှုကြောင့် တရုတ်နိုင်ငံမှ အရေးကြီးသော အစိတ်အပိုင်းများရောက်ရှိမှု ကြန့်ကြာနေကာ Tesla နှင့် Volvo ကုမ္ပဏီတို့သည် ဥရောပရှိ စက်ရုံများကို ယာယီပိတ်ထားကြောင်း ကြေညာလိုက်သဖြင့် ထိုအခြေအနေမှာ ယခုသီတင်းပတ်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိသည်။

ယင်းအခြေအနေက ရှီအား ရန်လိုသောအီရန်ကို ထောက်ခံအားပေးသူဖြစ်စေသလို ယီမင်ကို ထိန်းချုပ်လိုသော ဟူသီသူပုန်များကို ရပ်တန့်ရန် ကြိုးပမ်းနေသည့် ကာလရှည်ကြာ စစ်ပွဲကို ဆင်နွှဲနေကြသော ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် ဆွန်နီ ၉ နိုင်ငံ ဟာမိတ်နိုင်ငံတို့နှင့် သဘောထားကွဲလွဲစေသည်။

စူးအက်တူးမြောင်းမှ ရရှိသည့်ဘဏ္ဍာငွေများ ထိုးကျသွားမှုသည် အီဂျစ်နိုင်ငံကို ဘဏ္ဍာရေးအကျပ်အတည်းသို့ တွန်းပို့နေပြီး နိုင်ငံရေးအရစိုးရိမ်ဖွယ်အခြေအနေကို ထိန်းထားသည့် လူမှုဖူလုံရေး ထောက်ပံ့ကြေးများအတွက်လည်း မျက်ခုံးလှုပ်စရာဖြစ်ကာ နိုင်ငံအတွင်း၌ တရုတ်ကို ဆန့်ကျင်သည့် တုံ့ပြန်မှုများ စတင်ရန် ခြိမ်းခြောက်သလိုဖြစ်နေသည်။

ယီမင်တွင် အင်္ဂလိပ်နှင့်အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများသည် ရှီကျင့်ဖျင်အတွက် အလုပ်ဖြစ်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။ တရုတ်သည် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပုံမှန်ထောက်ပံ့မှုနှင့် ကမ္ဘာ့ကုန်စည်ပို့ဆောင်မှုလွတ်လပ်စွာ စီးဆင်းမှုအပေါ် စီးပွားရေးအရ မှီခိုအားထားနေရသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ ကမ္ဘာ့ရေနံစိမ်းအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သည်။ ပြည်တွင်းထောက်ပံ့မှုမှ ၎င်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းကိုသာ ကာမိပြီး ယင်းအချက်မှာ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းသွားရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ တရုတ်သည် သဘာဝဓာတ်ငွေ့ရည် (LNG) ကို အများဆုံး တင်သွင်းသူလည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ မဟာဗျူဟာမြောက် ရေနံအရန်ကို ဖြည့်တင်းထားပြီး ရေတိုပြတ်လပ်မှုကို ကြံ့ကြံ့ခံနိုင်သည်။ အကယ်၍ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပိုမိုကျယ်ပြန့်လာပြီး ပင်လယ်ကွေ့ရှိ ဟိုက်ဒရိုကာဗွန်စက်ရုံများအထိ ပြတ်လပ်မှုဖြစ်ကာ သီတင်းပတ်အနည်းငယ်အလွန်၌ ပင်လယ်တွင်းမှ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှုများပါ မရတော့ပါက စီးပွားရေး ရုတ်တရက် ရပ်တန့်မှုဖြစ်တော့မည်အလားအလာရှိသည်။

ဟူသီသူပုန်များသည် ပင်လယ်နီနှင့် အနီးရှိ ရေယာဉ် ၂၃ စင်းအား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်နေချိန်မှာ တရုတ်သည် ပြီးခဲ့သည့် နှစ်လအတွင်း ဝင်မပါဘဲ နေခဲ့သည်။

တရုတ်အာဏာပိုင်များက “ဟူသီ” ဟု တခါမျှ မသုံးခဲ့ဖူးသလို တိုက်ခိုက်မှုများကိုလည်း ရှုတ်ချခြင်း မရှိပေ။ အောက်တိုဘာ ၇ ရက်က အစ္စရေး၏ ကီဘွတ်ဇ်ဒေသအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဟားမတ်စ်ကို ရှုတ်ချခြင်းလည်း မရှိပါ။

ရှီသည် ယခုအချိန်အထိ ရေကြောင်းလွတ်လပ်စွာသွားလာခွင့်နှင့်ပတ်သက်ပြီး ပါးစပ်ပြောထက်မပိုဘဲ ဟူသီသူပုန်များ၏တိုက်ခိုက်မှုကို ဂါဇာစစ်ပွဲ၏ ကူးစက်မှုနှင့် ဒေသတွင်း အမေရိကန်မူဝါဒများ၏ အကျိုးဆက်အဖြစ် ပြောဆိုသည်။ တရုတ်တွင် ထိန်းချုပ်ခံထားရသော လူမှုမီဒီယာများသည် ဟူသီများကို သူရဲကောင်းဆန်ဆန်နှင့် ဖြောင့်မတ်သော တိုက်ခိုက်ရေးသမားများအဖြစ် ပုံဖော်ကာ ယင်းမှာ လုံးဝ ပူးပေါင်းလိမ်လည်မှုပင်ဖြစ်သည်။

ကမ္ဘာ့တောင်ခြမ်းရှိ မီဒီယာများသည်လည်း ထိုနည်းလည်းကောင်းဖြစ်ပြီး ရှီသည် အီရန်၏ လက်သစ်အင်ပါယာ စွန့်စားခန်းကို ထောက်ခံနေကာ ဆော်ဒီအာရေဗျ၏ အဓိက အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသည်။ ယင်းမှာ အလွန်အန္တရာယ်များသော ကစားနည်းပင်ဖြစ်သည်။

ဟူသီများသည် ဆော်ဒီတို့နှင့် စေ့စပ်ညှိနှိုင်းရာတွင် ၎င်းတို့၏ ရပ်တည်ချက်ကို မြှင့်တင်ရန်၊ စစ်မှန်သော တော်လှန်ရေးလှုပ်ရှားမှုအဖြစ် အသိအမှတ်ပြုရန်နှင့် အီရန်၏ ခုခံဝင်ရိုးတွင် ၎င်းတို့ကိုယ်တိုင် အဓိကမဏ္ဍိုင်အဖြစ် အခိုင်အမာ ရပ်တည်ရန် အကျပ်အတည်းအချိန်ကို အသုံးချချင်နေကြသည်ဟု နိုင်ငံတကာရေးရာအဖွဲ့ Chatham House မှ အာမက်အဘိုဒိုက ပြောသည်။

ထိုသို့ ဟူသီများကို အားပေးအားမြှောက်ပြုခြင်းက ဆွန်နီအုပ်စုအတွက် စက်ဆုပ်ဖွယ်ဖြစ်ပေသည်။ တရုတ်သည် ဆော်ဒီ-အီရန် စစ်ပြေငြိမ်းရေးနှင့် ယီမင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို ကြားဝင်စေ့စပ်ခြင်းဖြင့် ဒေသတွင်း၌ အောင်မြင်မှုရထားသည့်အရာမှန်သမျှကိုလည်း ပျက်စီးစေရန် ခြိမ်းခြောက်နေသည်မှာ ပြောစရာမလိုပေ။ အပင်ပန်းခံကြိုးပမ်းထားရသည့် သံခင်းတမန်ခင်းရလဒ်က သံတမန်များကို အံ့အားသင့်စေခဲ့သလို တရုတ်အား အရှေ့အလယ်ပိုင်းတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲစေခဲ့သည်။

တရုတ်ရေတပ်သည် ဂျီဘူတီတွင် အခြေစိုက်စခန်းတခုရှိပြီး အာဖရိကဦးချိုဒေသမှ ပင်လယ်ဓားပြများကို တိုက်ခိုက်သည့် ပင်လယ်ဓားပြနှိမ်နင်းရေးတပ်ဖွဲ့တွင် ပါဝင်လျက်ရှိသည်။ တရုတ်သည် ယခင်က ထိုကဲ့သို့ များစွာဆောင်ရွက်ခဲ့ကာ အားလုံးအကျိုးအတွက် ပင်လယ်နီနှင့် စူးအက်တူးမြောင်းကို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်အတွက် ကာကွယ်သူအဖြစ် မိမိကိုယ်ကို ပုံဖော်ထားသည်။

ကမ္ဘာ့ကွန်တိန်နာကုန်စည်ပို့ဆောင်ရေး၏ ၃၀ ရာခိုင်နှုန်းမှာ ဟူသီသူပုန်များ၏ ညှပ်ပူးညှပ်ပိတ်ရန်ပြုတိုက်ခိုက်ခြင်းကို ခံရနိုင်သလို အငူကို ကွေ့ပတ်သွားပါက ၁၈ ရက်ခန့်ပိုကြာနိုင်သောကြောင့် ရှန်ဟိုင်းအတွက် အီတလီနိုင်ငံ ဂျန်နိုအာမြို့နှင့် နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ လမ်းကြောင်းများအတွက် Drewry ကုန်စည်ပို့နှုန်းအညွှန်းကိန်းမှာ ၄ ဆတက်ကာ နှစ်ဖက်စလုံးရှိ ဆိပ်ကမ်းများတွင် သင်္ဘောများအတွက် ကသောင်းကနင်းဖြစ်စေသည်။

တရုတ်သည် နိုင်ငံခြားဈေးကွက်အပေါ် အတိုင်းအတာတစ်ခုအထိ မှီခိုနေရသောကြောင့် ပထဝီနိုင်ငံရေးက ရေကြောင်းထောက်ပံ့ရေးလိုင်းများတွင် ယုံကြည်မှုကို ပျက်ပြားစေပါက ဆုံးရှုံးနိုင်ခြေများသည်။

တရုတ်သည် ကမ္ဘာ့ထုတ်ကုန်၏ ၃၁ ရာခိုင်နှုန်းရှိသော်လည်း ကမ္ဘာ့စားသုံးမှု၏ ၁၃ ရာခိုင်နှုန်းသာရှိသည်။ ထို့ပြင် တရုတ်သည် ပိုလျှံကုန်စည်များကို ကမ္ဘာအနှံ့သို့ တင်ပို့ရောင်းချခြင်းဖြင့် ငွေကြေးဖောင်းပွမှုစီးပွားရေးအကျပ်အတည်းမှလွတ်မြောက်ရန် ကြိုးပမ်းနေသောကြောင့် ယခုအချိန်တွင် ဆိုးဆိုးရွားရွား ထိခိုက်နေသည်။

ရှီအနေဖြင့် သံတမန်ရေးဖြင့်မွှေးသောမီးကို တာဝန်ယူရန် အချိန်တန်ပြီဖြစ်သည်။ တရုတ်သည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပူးပေါင်းကာကွယ်သူလား သို့တည်းမဟုတ် ကိုယ်ပိုင်သတ်မှတ်များကို အသုံးချမည့် လွှမ်းမိုးနိုင်သော အင်အားကြီးနိုင်ငံလား သို့မဟုတ် အချောင်ရယူလိုသည့် အခွင့်ရေးသမားလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ဆောင်းပါးရှင်က ရေးသားထားသည်။