တရုတ်ရေယာဉ်များက အန္တရာယ်များသောခုတ်မောင်းမှုများပြုလုပ်ခဲ့ဟု ဖိလစ်ပိုင် စွပ်စွဲ

AFP

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောနှင့်ရေယာဉ်များသည် ဖိလစ်ပိုင်ကမ်းရိုးတန်းအလွန်ရှိ ရေလုပ်သားများထံ ရိက္ခာများပေးပို့နေသော ဖိလစ်ပိုင်ရေယာဉ်တစင်းအား အကြိမ်ကြိမ် ပိတ်ဆို့ကာ  အန္တရာယ်များသည့် ခုတ်မောင်းမှုများပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ဖေဖော်ဝါရီ ၁၇ ရက်က စွပ်စွဲခဲ့သည်။

တရုတ်ရေယာဉ်များသည် ထိုနေရာ၌ အလားတူလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သေးကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က စွပ်စွဲပြီး ရက်ပေါင်းအကြာ ဖေဖော်ဝါရီ ၁၅ နှင့် ၁၆ ရက်များက တရုတ်ထိန်းချုပ်ထားသော Scarborough Shoal ကျွန်းအနီးတွင် ယခုဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်းရှိ သန္တာကျောက်တန်းများနှင့် ကျောက်ဆောင်များရှိသည့် တြိဂံပုံသဏ္ဍာန် Scarborough Shoal ကျွန်းအား  တရုတ်က ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်ထံမှ သိမ်းယူခဲ့ပြီးကတည်းက ထိုနေရာသည် နှစ်နိုင်ငံအကြား ပဋိပက္ခနေရာ တခုဖြစ်လာသည်။

ထိုအချိန်မှစ၍ တရုတ်သည် ကင်းလှည့်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများကို နှောင့်ယှက်ကာ ငါးများပိုမိုပေါများသည့် ရေပိုင်နက်နေရာသို့ ဖိလစ်ပိုင်ရေလုပ်သားများ မသွားနိုင်စေရန် ဟန့်တားကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်ရေတပ်သင်္ဘောတစင်း၊ တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များနှင့် အခြားတရုတ်လှေများသည်   ဖိလစ်ပိုင် ရေလုပ်သားများအတွက် ရိက္ခာနှင့် လောင်စာများ ယူဆောင်လာသော ငါးလုပ်ငန်းနှင့် ရေအရင်းအမြစ်ဗျူရို ပိုင်ဆိုင်သည့် ဖိလစ်ပိုင်ရေယာဉ်တစင်းနောက် နောက်ယောင်ခံလိုက်ကာ ခုတ်မောင်းခဲ့ကြသည်။

ဖိလစ်ပိုင်ရေယာဉ် Datu Tamblot နှင့် တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်သည် တဖက်နှင့်တဖက် ရေဒီယိုအချက်ပြစိန်ခေါ်မှုများ လုပ်ဆောင်ခဲ့ပြီး ရေပိုင်နက်များအတွင်းသို့ ကျူးကျော်ဝင်ရောက်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များသည် ကျွန်းအနီးတွင် ဖိလစ်ပိုင်သင်္ဘောဦးရှေ့မှ ဖြတ်ကာ လေးကြိမ်တိုင်တိုင် ခုတ်မောင်းပြီး လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်ဟု ဆိုသည်။

“တခြားရေယာဉ်ရဲ့ ဦးပိုင်းရှေ့ကနေ ဖြတ်မောင်းခွင့်မရှိပါဘူး။ အရမ်းအန္တရာယ်များပါတယ်။ တိုက်မိတာတွေဖြစ်နိုင်တယ်” ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှုး ဂျေးတာရီလာက မနီလာမြို့၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်ရေယာဉ်များက နှောင့်ယှက်ခုတ်မောင်းမှုများလုပ်ဆောင်ခဲ့သော်လည်း ဖိလစ်ပိုင်ရေယာဉ် Datu Tamblot သည် ကျွန်းနှင့် ကီလိုမီတာအနည်းငယ်အကွာသို့ ဆိုက်ကပ်ကာ ဖိလစ်ပိုင်ငါးဖမ်းလှေ ၁၉ စီးအတွက် ဒီဇယ် ၂၁,၀၀၀ လီတာ (ဂါလံ ၅,၅၅၀) နှင့် အခြားရိက္ခာများ ပေးပို့ခဲ့ကြောင်း တာရီလာက ပြောကြားခဲ့သည်။

Scarborough Shoal ကျွန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိကကျွန်းဖြစ်သော လူဇွန်ကျွန်း၏အနောက်ဘက် ကီလိုမီတာ ၂၄၀ (မိုင် ၁၅၀) အကွာနှင့် တရုတ်ပြည်မကြီး ဟိုင်နန်ကျွန်းမှ ကီလိုမီတာ ၉၀၀ နီးပါးအကွာတွင်ရှိသည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသော်လည်း နိုင်ငံတကာခုံရုံးက ထိုပြောဆိုချက်များသည် ဥပဒေအားဖြင့် ခိုင်မာမှုမရှိကြောင်း စီရင်ချက်ချခဲ့သည်။

ယမန်နှစ်က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားသန္တာကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား ရေယာဉ်များ တိုက်မိပြီးနောက် တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို ရေအမြောက်များဖြင့် တိုက်ခိုက်ကာ တင်းမာသော ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ပြီးနောက် ယခုဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။