တရုတ်အရေးများက အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ သက်ရောက်လွှမ်းမိုးမှု ရှိနိုင်မလား

ဂျကာတာမြို့ရှိ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် (KPU) ရုံးခန်းတွင် သမ္မတလောင်း သုံးဦးတွဲ၏ ပိုစတာ/Photo:AFP

South China Morning Post

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေစီကျွန်း မိုရိုဝါလီစက်မှုဇုန်ရှိ PT Indonesia Tsingshan သံမဏိရည်ကျိုစက်ရုံတွင် အင်ဒိုနီးရှားနှင့်တရုတ်အလုပ်သမား ၂၁ ဦး သေဆုံးကာ အလုပ်သမားအများအပြား ဒဏ်ရာရရှိစေခဲ့သည့် မကြာသေးမီကဖြစ်ပွားခဲ့သော မတော်တဆမှုက သမ္မတ ဂျိုကိုဝီဒိုဒို၏ ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းဆိုင်ရာမူဝါဒကို မီးမောင်းထိုးပြခဲ့သည်။

ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ အင်ဒိုနီးရှားရှိ တရုတ်ကုမ္ပဏီများက တည်ဆောက်ပြီး လည်ပတ်နေသည့် စက်ရုံအများအပြားတွင် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံနှုန်းများမှာ ညံ့ဖျင်းပြီး မတော်တဆဖြစ်ရပ်များစွာရှိသည်။ သို့သော် အင်ဒိုနီးရှားအာဏာပိုင်များသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုသာ လိုလားကာ ဘေးကင်းရေးအစီအမံများကို လျစ်လျူရှုထားပုံရသည်။ အစိုးရသည် အလုပ်သမားများ၏ဘေးကင်းလုံခြုံရေးကို အထိခိုက်ခံကာ စီးပွားရေးရည်မှန်းချက်များရရှိရန် ဦးစားပေးနေပုံပေါ်သည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် အထွေထွေရွေးကောက်ပွဲများ မတိုင်မီ တလအလိုတွင် ထိုအချက်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိန်ခေါ်မှုအကြောင်းအရာ ဖြစ်လာနိုင်ဖွယ်ရှိသည်။

လာမည့်ရွေးကောက်ပွဲအတွက် သမ္မတလောင်း အန်နီးစ်ဘာစ်ဝယ်ဒန်ကို ထောက်ခံအားပေးသည့် ဒုတိယသမ္မတဟောင်း ဂျူဆွတ်ကယ်လာက အင်ဒိုနီးရှား၏ နီကယ်စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ထိန်းချုပ်ထားကြောင်း မကြာသေးမီကပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ အရည်ကျိုလုပ်ငန်းမှ နီကယ်ထွက်ကုန်အများစုကို တရုတ်ပြည်တွင်းလိုအပ်ချက်အတွက် တရုတ်နိုင်ငံသို့ တင်ပို့ရသောကြောင့် အင်ဒိုနီးရှားအတွက် အကျိုးကျေးဇူးအနည်းငယ်သာ ရှိသည်။ အထူးသဖြင့် နီကယ်စက်မှုလုပ်ငန်းတွင် တရုတ်နိုင်ငံမှ နည်းပညာကို မှီခိုအားထားနေရသည့် အစိုးရ၏မူဝါဒကို ကယ်လာက ဝေဖန်ခဲ့သည်။

အမှန်တကယ်တွင် တရုတ်၏ ကြီးထွားလာသော စီးပွားရေး လွှမ်းမိုးမှုကြောင့် အင်ဒိုနီးရှားတွင် ရောထွေးသော သဘောထားများဖြစ်ပေါ်လာစေသည်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေးတွင် တရုတ်၏ လွှမ်းမိုးချုပ်ကိုင်မှုအကြောင်းအရာသည် စိန်ခေါ်သောပြဿနာ ဖြစ်လာနိုင်သည်။ ၂၀၁၉ ရွေးကောက်ပွဲတွင် ဂျိုကိုဝီ၏ပြိုင်ဘက်များသည် ၎င်း၏စီးပွားရေးမူဝါဒပလက်ဖောင်းနှင့်ပတ်သက်သော အပျက်သဘောဆောင်သောအမြင်များကို သွေးထိုးရန် အလားတူပြဿနာကိုအသုံးပြုခဲ့ကြကာ ယင်းက တရုတ်နိုင်ငံအတွက် ကော်ဇောနီခင်းထားပေးထားသည်ဟု ဝေဖန်ခဲ့ကြသည်။ လာမည့် ရွေးကောက်ပွဲတွင်လည်း အလားတူပုံစံများ ဖြစ်နိုင်မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲသည် အခြေအနေမတူနိုင်ကြောင်း ဆောင်းပါးရှင်က ရေးသားထားသည်။

ပထမအချက်မှာ အင်ဒိုနီးရှား၏ အစိုးရနှင့် နောက်အစိုးရများသည် သမ္မတလောင်း သုံးဦးစလုံးက အတိုင်းအတာအမျိုးမျိုးဖြင့် ထောက်ခံသည့် နိုင်ငံ၏ ကုန်ချောထုတ်လုပ်ဖြန့်ဖြူးလုပ်ငန်းမှုဆိုင်ရာမူဝါဒကို ပံ့ပိုးရန် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်သည်။

အင်ဒိုနီးရှားသည် ထိုနယ်ပယ်တွင် အရင်းအနှီးနှင့် နည်းပညာ လိုအပ်သောကြောင့် လက်ရှိအစိုးရသည် နီကယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားသည်။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်က စိတ်ဝင်စားကြောင်း တုံ့ပြန်ခဲ့သော်လည်း တရုတ်က ပိုသာသောစျေးနှုန်းများနှင့် သာလွန်သောနည်းပညာများဖြင့် ကမ်းလှမ်းကာ နောက်ဆုံးတွင် အနိုင်ရခဲ့သည်။ နီကယ်စက်မှုလုပ်ငန်းတွင် ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရေးမူဝါဒကို အရှိန်မြှင့်ရန် အင်ဒိုနီးရှားအတွက် အရေးကြီးကြောင်း ထိုဆုံးဖြတ်ချက်က သက်သေပြခဲ့သည်။

ဒုတိယအချက်အနေဖြင့် သမ္မတရွေးကောက်ပွဲတွင် မည်သူပင်အနိုင်သည်ဖြစ်စေ တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးကိုထိန်းသိမ်းထားရန် လိုအပ်လိမ့်မည်။

သမ္မတလောင်း သုံးဦးသည် အတိုင်းအတာအမျိုးမျိုးဖြင့် တရုတ်နိုင်ငံအား ယုံကြည်စိတ်ချရသော ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူထားကြသည်။ ဥပမာအားဖြင့် အန်နီးစ်သည် ဂျကာတာမြို့တော်ဝန်ဖြစ်ခဲ့စဉ်က မြို့တော်အရေးများကို ဆွေးနွေးရန် ထိုစဉ်က တရုတ်သံအမတ် ရှောင်ကျန်းနှင့် တွေ့ဆုံခဲ့သည်။ ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုသည် တရုတ်အရာရှိများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ပြီး ၎င်း၏ပြည်နယ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများအပြား ရရှိခဲ့သည်။ ကာကွယ်ရေးဝန်ကြီးနှင့် တစ်ပြေးနေသော သမ္မတလောင်း ပရာဘိုဝိုဆူဘီယန်တိုသည်လည်း အင်ဒိုနီးရှားစက်မှုလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ ကြီးထွားနေသော ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကို မကြိုက်မရှိပေ။ သူသည် အင်ဒိုနီးရှားနှင့် တရုတ်စစ်တပ်များအကြား စက်မှုနယ်ပယ်ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေကို မြှင့်တင်ရန် တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဝေဖန်ဟဲနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သည်။

မဲဆွယ်စည်းရုံးရေးအရ မည်သည့်သမ္မတလောင်းကမှ အင်ဒိုနီးရှားစီးပွားရေးတွင် တရုတ်၏ကြီးထွားလာသောအခန်းကဏ္ဍကို မသိကျိုးကျွန်ပြုခြင်း မရှိပေ။ သို့သော် အန်နီးစ်နှင့် ဂန်ဂျာ နှစ်ဦးစလုံးက တရုတ်နိုင်ငံအပေါ် ၎င်း၏မှီခိုအားထားမှုကို လျှော့ချရန် အင်ဒိုနီးရှားအား တခြားနိုင်ငံများနှင့်လည်း စီးပွားရေးမိတ်ဖက်ပြုစေလိုကြောင်း မကြာသေးမီက ပြောကြားခဲ့ကြသည်။

ဂျိုကိုဝီအစိုးရသည် တရုတ်နှင့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သောအမြင်ကို ဆက်ထိန်းထားသည်။

ဂျိုကိုဝီအစိုးရလက်ထက်တွင် အင်ဒိုနီးရှားတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခန်းကဏ္ဍ ကြီးထွားလာသည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ထိုအခြေအနေက အခြေခံအဆောက်အအုံနှင့် ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရေးစက်မှုလုပ်ငန်းများမှတဆင့် အင်ဒိုနီးရှား၏စက်မှုလုပ်ငန်းကို တွန်းအားပေးရန် နိုင်ငံ၏ရည်မှန်းချက်များနှင့် ကိုက်ညီသည်။ သို့သော် အင်ဒိုနီးရှားရှိ နီကယ်စက်မှုလုပ်ငန်းတွင် တရုတ်၏လွှမ်းမိုးချုပ်ကိုင်မှုသည် စိုးရိမ်စရာကိစ္စတခုဖြစ်သည်။ တကယ်တမ်းတွင် အင်ဒိုနီးရှား၏ နီကယ်ထုတ်ကုန်များသည် တစိတ်တပိုင်းအားဖြင့် တရုတ်ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ခွင့်မရပေ။

အင်ဒိုနီးရှားသည် အနောက်နိုင်ငံများမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ကြိုးပမ်းနေသော်လည်း အနောက်နိုင်ငံများက လက်ရှိတွင် ပြည်တွင်းကိစ္စများ၊ ယူကရိန်းစစ်ပွဲနှင့် ဂါဇာအကျပ်အတည်းများကြောင့် အာရုံထွေပြားနေသည်ကို သတိချပ်ရန် အရေးကြီးသည်။ ပွင့်လင်းမြင်သာသော နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ၎င်းတို့၏ လိုလားချက်မှာ ယုတ်လျော့လာသည်။

တရုတ်သည် ထိုသို့မဟုတ်ဘဲ အသာစီးဆန်စွာဖြင့် မိတ်ဖက်များကို အနိုင်ရပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့တောင်အာရှတွင် စီးပွားရေးသြဇာကို ချဲ့ထွင်လာသည်။ တရားဝင်အချက်အလက်များအရ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်စာရင်းအရ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ ရှိသော စင်ကာပူပြီးလျှင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့သည် အင်ဒိုနီးရှားတွင် ဒုတိယနှင့် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။

တရုတ်ကိစ္စမှာ ၂၀၂၄ ခုနှစ်တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ ဖြစ်လာနိုင်ဖွယ်မရှိသော်လည်း အင်ဒိုနီးရှားအနေဖြင့် တရုတ်၏ ကြီးထွားလာနေသော စီးပွားရေးအခန်းကဏ္ဍ အထူးသဖြင့် အင်ဒိုနီးရှားလူနေမှုဘဝနှင့်ပတ်သက်ပြီး ရှိရင်းစွဲပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ဂရုတစိုက်စီမံခန့်ခွဲရန် လိုအပ်နေသေးသည်။ အစိုးရအသစ်သည် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့အပါအဝင် အင်ဒိုနီးရှား၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရောင်သွေးစုံစေရေး ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။