တောင်တရုတ်ပင်လယ်အငြင်းပွားမှုအတွက် အာဆီယံနိုင်ငံများက ဘုံသဘောတူညီချက် ရရှိထား

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကိုးကင်ဟောင်အား ANI က မေးမြန်းစဉ်။

Latestly

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဘုံသဘောတူညီချက်ရရှိ ထားကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကိုးကင်ဟောင်က ဖေဖော်ဝါရီ ၁၄ရက်တွင် ပြောကြားခဲ့သလို အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် နိုင်ငံများအနေဖြင့် တရုတ်နှင့် နှစ်ဘက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်းလည်း ပြောကြားခဲ့သည်။

ANI နှင့် သီးသန့်တွေ့ဆုံမှုတွင် အိန္ဒိယသို့ ရောက်ရှိနေသည့် ဒေါက်တာ ကိုးကင်ဟောင်က တိုးတက်မှု အတွက် ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုများရှိနေကြောင်းနှင့် တောင်တရုတ်ပင်လယ်အခြေအနေကို မည်ကဲ့သို့ စီမံခန့်ခွဲနိုင်မည်ကို လေ့လာနေကြောင်း ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်သည် နိုင်ငံတကာကုန်သွယ်မှုအတွက် အရေးကြီးဆုံးပင်လယ်လမ်းကြောင်းများ ထဲမှ တခုဖြစ်ပြီး အရင်းအမြစ်များ ပေါကြွယ်ဝသည်။

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး တရုတ်က ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေသကဲ့သို့ပင် မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကလည်း အပြိုင်တောင်းဆိုနေသည်။

ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်များဖြစ်သည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အာဆီယံနိုင်ငံများတွင် ဘုံချဉ်းကပ်မှု ရှိ၊ မရှိ မေးမြန်းမှုကို “စည်းလုံးညီညွတ်တဲ့ ရပ်တည်ချက်နဲ့ ကျွန်တော်တို့ အတူတူလုပ်နိုင် တဲ့အရာတွေ အများကြီးရှိပါတယ်” ဟု ဒေါက်တာ ကိုးကင်ဟောင်က ANI သို့ ပြောကြားခဲ့သည်။
“အာဆီယံနိုင်ငံတွေကြားမှာ စည်းလုံးညီညွတ်မှုရှိပါတယ်။ ကျင့်ဝတ်စည်းမျဉ်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ညှိနှိုင်းနေပါတယ်။ လုပ်ငန်းစဉ်က အချိန်နည်းနည်းကြာနိုင်ပါတယ်။”

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ကျင့်ဝတ်စည်းမျဉ်း (COC) ဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုပြုလုပ်နိုင်ရေးအတွက် လမ်းညွှန် ချက်အသစ်များကို ၂၀၂၃ခုနှစ် ဇူလိုင် ၁၃ ရက်က ရရှိခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများတွင် ဘုံသဘောတူညီချက်ရှိပြီး ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ကို အခြေခံပြီး လုပ်ဆောင်နေကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အငြင်းပွားမှုဆိုင်ရာ မေးမြန်းချက်ကို ဖြေကြားရာတွင် ၎င်းက ယင်းတို့ကို နှစ်ဘက် အပြန်အလှန် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၈၂ ခုနှစ်တွင် ချမှတ်ခဲ့သည်။ ယင်းတွင် ပင်လယ်သမုဒ္ဒရာများနှင့် ယင်း၏ အရင်းအမြစ်များကို အသုံးပြုမှုနှင့် ပတ်သက်ပြီး ကမ္ဘာ့သမုဒ္ဒရာများနှင့် ပင်လယ်ပြင်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကျယ်ကျယ်ပြန့်ပြန့်ပါရှိသည်။