ဝှေခါစခန်းသိမ်းတိုက်ပွဲဝင် ကလေး ၅ ဦးမိခင် KPDFတပ်ဖွဲ့ဝင်ကို KIA ရာထူးတိုးဂုဏ်ပြု

ဓာတ်ပုံ − The Kachin Net

ဂျူချန်း၊ ရွှေနွယ်၊ကချင်လေး

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ဖားကန့်မြို့၊ဝှေခါရွာမှ စစ်ကောင်စီစခန်းအား KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်သည့်တိုက်ပွဲ၌ပါဝင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကလေးငါးဦး၏မိခင် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ)မချောစုအား တပ်သားအဆင့်မှတပ်ကြပ်ကြီးအဆင့်သို့ ရာထူးတိုးဂုဏ်ပြုကြောင်းKIOသတင်းပြန်ကြားရေးမှ ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ဒေါ်ဂျန်မော်ခေါန်ရှောင်အား ဂုဏ်ပြုသည့် ရာထူးတိုးအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ရွှေလက်စွပ်တကွင်း၊ ငွေတံဆိပ်တခုနှင့် အခြားဆုတို့ကိုလည်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

” မချောစုက စစ်အာဏာရှင်တော်လှန်ရေးကို အရမ်း စိတ်အားထက်သန်တယ်။ ဝှေခါတိုက်ပွဲမှာ သူ အစကနေအဆုံး ဝင်တိုက်တာ” ဟု ဖားကန့် KPDF နှင့်နီးစပ်သူက မဇ္ဈိမကိုပြောသည်။

ဒေါ်ဂျန်မော်ခေါန်ရှောင်သည် စစ်အာဏာမသိမ်းမီက သားဖွားဆရာမတဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် သားသမီးများနှင့် တိုင်းပြည်၏ အနာဂတ်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကိုယ်တိုင်ပြောကြားမှုကို KIO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေါ်ဂျန်မော်ခေါန်ရှောင်သည် ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးသည်အထိ ရဲရင့်စွာ ရှေ့တန်းတိုက်ပွဲမှပါဝင်တိုက်ခိုက်ခဲ့သောကြောင့် ရာထူးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု KIOစစ်ရေးရုံး သတင်းရင်းမြစ်က ဆိုသည်။

ဝှေခါရွာမှ စစ်ကောင်စီဗျူဟာကုန်းနှင့် ရဲစခန်းကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာတိုက်ခိုက်ခဲ့သည်။ ဝှေခါရဲစခန်းကို ထိုနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဗျုဟာကုန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဝှေခါဗျူဟာကုန်းသည် ဖားကန့် – အင်းတော်ကြီးလမ်းပိုင်းတွင် အလွန်အရေးပါသော ဗျုဟာမြောက်စခန်းကုန်းတခုဖြစ်ပြီး စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံခဲ့သည့်ကြားမှ KIA၊KPDF ပူး‌ပေါင်းတပ်က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးထက်မနည်းသေဆုံးပြီး အများအပြားထွက်ပြေးသွားကြောင်း၊ သေဆုံးသူများကို မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားသော ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးကြောင်း မဇ္ဈိမ၏ မြေပြင်အချက်အလက်အရ သိရသည်။

စာတည်း – အေးချမ်း