ထီးလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ဘေးရှောင်မိသားစုမှ၂ ဦးသေဆုံး၊ ၂ဦးဒဏ်ရာရ

ပုံအညွှန်း ။ ။ ထီးလင်းမြို့နယ်မှ စစ်ဘေးရှောင်များ/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်


(မဇ္စျိမ) ။                   ။ မကွေးတိုင်း၊ ထီးလင်းမြို့တွင် စစ်ကောင်စီတပ်က   ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်မိသားစုတဲအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး အဆိုပါမိသားစုမှ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းYaw Revolution Army – ထီးလင်းတပ်ဖွဲ့(YRA)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၁ ရက်ည ၇ နာရီအချိန်ခန့်တွင် ထီးလင်းမြို့ပေါ်  ရွှေထီးခန်းမရှိ စစ်ကောင်စီတပ်များမှ ၈၁ မမလက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့ရာ တောရောင်းရွာအနီး စစ်ဘေးရှောင်တဲအိမ်တခုပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဟု သိရသည်။

ထိုပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်မိသားစုမှ အသက်၅၀နှစ်အရွယ်ဖခင်နှင့် အသက် ၃၀နှစ်အရွယ် သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူနှင့် ကျောင်းနေအရွယ်သမီး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း YRA တပ်ဖွဲ့ထံမှသိရသည်။

သမီးဖြစ်သူတွင်ဘယ်ဘက်လက်မောင်းနှင့် ညာဘက်နံရိုးများကျည်ထိမှန်၍ အသက်လုကာခွဲစိတ်ကုသနေရကြောင်းYRA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုကောင်းက မဇ္စျိမအားပြောသည်။

“တောရောင်းရွာထဲက မိသားစုတစုက တောင်ယာထဲမှာ မိသားစုအလိုက် စစ်ဘေးရှောင်ရင်း ပြောင်းနေကြတယ်။ အဲ့မှာ သူတို့တဲကို တိုက်ရိုက်ထိမှန်ပြီးတော့ အဖေနဲ့ သားဖြစ်သူက သေသွားခဲ့တာဗျ “ ဟု ကိုကောင်းက ဆိုသည်။

ဒဏ်ရာရရှိသွားသူနှစ်ဦးစလုံး စိုးရိမ်ရသည့်အခြေအနေဖြစ်ပြီး  လုံခြုံသည့်နေရာတွင် ဆေးကုသမှုပေးနေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ထီးလင်းမြို့ပေါ်နေရာအချို့တွင် ခံစစ်ပုံစံဖြင့် နေရာယူထား‌ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ထို့အပြင် ထီးလင်း၊ ဂန့်ဂေါ၊ကျောက်ထု မြို့များရှိ စစ်ကောင်စီတပ်များက  ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေ၍ကျေးရွာ၁၀ ရွာခန့်မှ ဒေသခံများသည် တိမ်း‌ရှောင်နေရကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် လေကြောင်း၊လက်နက်ကြီးအန္တရာယ်နှင့် စစ်ရေးအခြေအနေသတိပြုနေထိုင်ကြရန် YRAကတိုက်တွန်းထားသည်။YRAသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

စာတည်း – အေးချမ်း