ပြေးလမ်းချော်ပြီး ခါးကျိုးသွားသော လေယာဉ်သည် ဘယ်လို အမျိုးအစားလဲ

ပုံအညွှန်း- ပုံအညွှန်း- ပြေးလမ်းမချော်၊ ခါးမကျိုးခင်က တွေ့ရသော လေယာဉ်အမှတ် (5821)

မဇ္ဈိမ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လာခေါ်သည့် မြန်မာစစ်တပ်လေယာဉ် တစီးသည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

Y-8 အမျိုးအစား လေယာဉ်အမှတ် (5821) သယ်ယူပို့ဆောင်ရေး လေယာဉ်သည် မီဇိုရမ်ပြည်နယ်၊ မြို့တော် အိုက်ဇောတွင်ရှိသည့် လဲန်းပွီလေဆိပ်သို့ ဆင်းသက်ချိန် နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦး ပါရှိပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။ ဒဏ်ရာရရှိသူများကို မီဇိုရမ်ပြည်နယ်၊ ဘန်းပူရီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် Y-8 ‌လေယာဉ်တစီးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ကလည်း မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင် စုစု ပေါင်း၁၂၂ ဦး သေဆုံးခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်းကလည်း ရန်ကုန်လေဆိပ်၌ Y-8 ‌အမျိုးအစား လေယာဉ်တစီးသည် အတက်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သေးသည်။

Y-8 ‌သည် ဘယ်လိုလေယာဉ် အမျိုးအစားလဲ

ယူကရိန်းအခြေစိုက် Antonov အကူအညီဖြင့် ဆိုဗီယက်သယ်ယူပို့ဆောင်ရေးလေ ယာဥ် An-12 ကို အခြေခံထုတ်လုပ်ထားသည့် Y-8 လေယာဥ်ကို သယ်ယူပို့ဆောင်ရေးနှင့် ပင်လယ်ပြင် ကင်းထောက်ရာတွင် အသုံးပြုပြီး တရုတ်နိုင်ငံထုတ် ဖြစ်သည်။

အဆိုပါ လေယာဉ်သည် တပ်ဖွဲ့ဝင် ၉၆ ဦး (သို့) လေထီးစစ်သည်၈၂ ဦး (သို့) ဒါဏ်ရာပြင်းထန်သော စစ်သား ၆၀ ကိုထမ်းစင်နှင့်တကွ တင်ဆောင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ကုန်ချိန်ဆိုပါက တန် ၂၀ အထိ တင်ဆောင်နိုင်ကြောင်း သိရသည်။

အဝေးဆုံး အကွာအဝေး ၅,၆၁၅ ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး တနာရီ ၆၆၂ ကီလိုမီတာအထိ အမြန်ဆုံးပျံသန်းနိုင်သည်။ အမြင့်ပေ ၁၀,၄၀၀ မှ ပျံသန်းနိုင်သကဲ့သို့ တမိနစ်လျှင် ပေ၂,၀၀၀နှုန်းဖြင့် ပျံတက်နိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

၁၉၉၁ ခုနှစ်မှ စတင်ကာ မြန်မာအာဏာသိမ်း စစ်တပ်သည် တရုတ်ထံမှ Y-8 အမျိုးအစား လေယာဉ်များကို အသုတ်လိုက်ခွဲကာ ဝယ်ယူခဲ့သည်။

Stockholm International Peace Research Institute ၏ အစီခံစာ တခုအရ ၁၉၉၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ Y-8 လေယာဉ် ခုနစ်စီး ဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တစီးပျက်စီးသွားသည့်အတွက် စစ်ကောင်စီ လေတပ်တွင် ခြောက်စီးတာဝန်ထမ်းဆောင်လျှက်ရှိသည်။

အဆိုပါ ခြောက်စီးအနက် ယခုတစီး (နံပါတ် 5821) လေယာဉ်သည် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်ကို မသိရသေးသော်လည်း လေယာဉ်ခါးကျိုးသွားသည်ကို တွေ့ရသည်။

နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီက တိုက်ခိုက်ရေး လေယာဉ်များဖြင့် လေကြောင်းအသုံးပြု ခုခံနေသော်လည်း မြို့ပေါင်း ၃၀ ကျော်နှင့် တပ်စခန်း ပေါင်းများစွာကို လက်လွှတ်ထားရသည်။

ယင်းကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရှမ်းမြောက်အပါအဝင် နိုင်ငံတဝှမ်းက တိုက်ပွဲပြင်းထန်နေသည့် ဒေသအချို့တွင် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက်သုံးသည့် Y-8နှင့် Y-12 အမျိုးအစား လေယာဥ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွက် အသုံးပြုလာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောဆိုထားသည်။

ထို့ပြင် ယခုဇန်နဝါရီလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ရှမ်းမြောက် ကွက်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး လေယာဉ်နှစ်စီးကို ပစ်ချခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်