မကွေးအကျဥ်းထောင်တွင် အချိန်မီဆေးကုသခွင့်မရ၍ နိုင်ကျဥ်းကျောင်းသူသေဆုံး

ဓါတု

(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မကွေးအကျဥ်းထောင်တွင် အချိန်မီဆေးကုသခွင့်မရရှိသဖြင့် နိုင်ငံရေးအကျဥ်းသား အမျိုးသမီးတဦးသေဆုံးသွားကြောင်းအကျဥ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

သေဆုံးသူ မစုမေအောင် (အသက် ၂၂ နှစ်)ဆိုသူသည် မကွေးတက္ကသိုလ်မှ ကျောင်းသူတဦးဖြစ်၍ ၎င်းအား အကြမ်းဖက်ထောက်ပံ့အားပေးပုဒ်မ ၅၀(ည)ဖြင့်ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံထားရသူဖြစ်သည်။

“သူ့မှာအရေပြားရောဂါရယ်၊ အဆုတ်ရယ်ရောဂါအခံရှိတယ်လို့သိထားတယ်။ အပြင်ဆေးရုံကိုပို့ဖို့ ထောင်ဝန်ထမ်းတွေကို ပြောထားတာကြာပြီတဲ့၊ ဒါပေမယ့် ဆေးကုသခွင့်နောက်ကျတော့ သေသွားတယ်။ အကျဥ်းထောင်တွေမှာက ဒိတ်လွန်တဲ့ဆေးတွေပဲအမြဲပေးတယ်၊ ကျွန်တော်တို့တုန်းကလည်း လုံလောက်တဲ့ဆေးကုသခွင့်မရလို့ သေဆုံးတာတွေကြုံဖူးတယ်”ဟု နီးစပ်သည့်နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက မဇ္စျိမကိုပြောသည်။

၎င်းသည် ရောဂါအခံရှိသဖြင့် ရောဂါပြင်းထန်စွာခံစားရသောကြောင့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြင်ပဆေးရုံသို့ဆေးကုသခွင့်(referred)ရရန် ထောင်အာဏာပိုင်များသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ယခုနှစ် ၂၀၂၄ ဇန်နဝါရီလမှသာ ပြင်ပဆေးရုံသို့တက်ခွင့်ရသဖြင့် အချိန်မီဆေးကုသခွင့်မရသောကြောင့် ဇန်နဝါရီလ ၂၂ ရက်တွင်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဥ်အသေးစိတ်ကတော့ မသေဆုံးခင်ဘာတွေ လုပ်ခဲ့လဲဆိုတာ သိဖို့ကြိုးစားနေတယ်။ သူကရောဂါအခံကြောင့်လား ဆရာဝန်ရဲ့ဆေးစစ်ချက်အရ မိသားစုဝင်ကိုအသိပေးတဲ့စာမှာ ဘယ်လိုရေးလဲဆိုတာရဖို့ ကြိုးစားနေတာ။ အချို့မိသားစုဝင်တွေက ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ခဲယဥ်းတော့ ထုတ်ပြန်ရတာရော ပြောရတာရော အချိန်ယူစောင့်နေရတာပါ။ မနေ့ကထဲကလိုက်တာ ထောင်ထဲမှာအချိတ်အဆက်ရဖို့ တော်တော်ခဲယဥ်းတယ်။ကျွန်တော်တို့သိထားတာနဲ့ လက်ရှိအစ်မတို့သိထားတာနဲ့ မကွာဘူးလို့ပြောလို့ရတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)မှ တာဝန်ခံကိုသိုက်ထွန်းဦးက မဇ္စျိမကိုပြောသည်။

အကျဥ်းထောင်ထဲတွင် ကျန်းမာရေးဆေးဝါးစောင့်ရှောင့်မှု အပြည့်အဝ မရရှိသည့်အတွက် သက်ဆိုင်ရာ ထောင်အာဏာပိုင်များက ပြင်ပဆေးရုံသို့အရေးပေါ် မပို့ဆောင်ကြသဖြင့် နိုင်ငံရေးအကျဥ်းသားများ မသေသင့်ဘဲသေဆုံးရကြောင်း ၎င်းကဆိုသည်။

ယခုနှစ် ၂၀၂၄ ခုနှစ် နှစ်အစဇန်နဝါရီလ၌ သုံးပတ်တာကာလအတွင်း မွန်ပြည်နယ် ကျိုက်မရောအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားနှစ်ဦး၊မကွေးတိုင်း မကွေးအကျဥ်းထောင်တွင်နိုင်ငံရေးအကျဥ်းသား အမျိုးသမီးတဦးသေဆုံးကြောင်း ကိုသိုက်ထွန်းဦးထံမှသိရသည်။

“ဒီတလထဲမှာတင် နိုင်ငံရေးအကျဥ်းသားအကျဥ်းသူ သေဆုံးတာ စုစုပေါင်း သုံးဦးကတော့ အတည်ပြုသိထားရတယ်။ ရောဂါအခံရှိတာရောစစ်ကြောရေးဒဏ်ကြောင့်ရော အချိန်ကြာမြင့်နေတာကြောင့်ရော အကျဥ်းထောင်အာဏာပိုင်တွေ ထောင်ဆရာဝန်တွေက အချိန်မီဆေးကုသခွင့်မပေးတာကြောင့်လို့ ပြောလို့ရတယ်”ဟု ၎င်းကပြောသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတဝန်းမှ အကျဉ်းထောင်အချို့၌ ဆေးဝါးကုသမှု လုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး သေဆုံးမှုရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ စာရင်းတွေကဖော်ပြထားသည်။

မဇ္ဈိမမှပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဆီက ကောက်ယူထားသောစာရင်းများအရ ပြီးခဲ့သည့် ၂၀၂၁ မှစ၍ ၂၀၂၃ နှစ်လယ်အထိ အကျဥ်းထောင်အသီးသီးမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခွင့်မရရှိသည့်အတွက် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

ယခုလိုသေဆုံးမှုဖြစ်စဉ်များ၏ အကြောင်းရင်းအချို့မှာ လုံခြုံရေးအကြောင်းပြပြီး အချိန်မီဆေးကုသခွင့်မရတာခြင်း၊ မိသားစုဝင်များမှ ပါဆယ်ပို့ရာတွင် ဆေးဝါးအမျိုးအစားများ ကန့်သတ်ထားခြင်း၊ရက်လွန်နေသည့်ဆေးဝါးများကိုသာ သောက်သုံးနေရတာတွေရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ၏အဆိုအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ အချိန်မီဆေးကုသခွင့်မရသောကြောင့် သေဆုံးမှုအများဆုံးဖြစ်ပွားသည့်နေရာမှာ အင်းစိန်ထောင်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ၂၀၂၃ ခုနှစ် စာရင်းများတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင်  အကြမ်းဖက်ပုဒ်မ ၅၄/၅၂(က)တို့ဖြင့် ထောင်ဒဏ်တသက်ချမှတ်ခြင်းခံထားရသူ အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင် စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့်အတွက် အတွင်းကြေဒဏ်ရာ၏ နောက်ဆက်တွဲဒဏ်များကြောင့် အချိန်မီ ဆေးကုခွင့်မရသဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။

ထို့အပြင် အဆိုပါ ကျိုက်မရောအကျဥ်းထောင်တွင်ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရသည့် အသက် ၃၁နှစ်အရွယ် ကိုပြည့်ဖြိုးအောင်မှာ လေထိုးလေအောင့်ရောဂါဝေဒနာခံစားနေရသဖြင့်ဇန်နဝါရီလ ၁၆ ရက်နေ့မနက်တွင် ထောင်တွင်းဆေးရုံသို့ ပြသခဲ့ရာ ဆရာဝန်ဆေးမှားထိုးသဖြင့် ပါးစပ်ထဲမှအမြှုပ်မျာထွက်၍ ထပ်မံသေဆုံးခဲ့ကြောင်း PPNM စာရင်းအရသိရသည်။

စစ်ကောင်စီမှအာဏသိမ်းပြီးနောက် ဖမ်းဆီးခဲ့သူ စုစုပေါင်း ၂၅,၈၇၀ ဦးရှိပြီး ထိုအထဲမှ ၁၉,၉၆၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၈,၅၅၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများမှာလည်း ဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)