နမ့်ဖတ်ကာကို အပြီးတိုင် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု KIA အတည်ပြု

Photo- KIA စစ်သားများကို တွေ့ရစဉ်

အဂမ်

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က နမ့်ဖတ်ကာကျေးရွာမှာ အခိုင်အမာ တည်ဆောက်ထားသော စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် နမ့်ဖတ်ကာကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို အတည်ပြု ပြောသည်။

နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိနေသည့် ခလရ (၁၂၃) တပ်ရင်းအခြေစိုက် စစ်တပ်စခန်းကို KIA တပ်နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင် ဖယ်ရှားပြီးနောက် ညနေ ၃ နာရီခန့်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဟု ဆိုသည်။

” ဒီကနေ့ ၃ နာရီနဲ့ ၄ နာရီကြားမှာ အားလုံးသိမ်းလို့ရပြီးဆိုပြီး မြေပြင်ကနဦးသတင်းတော့ ရထားပြီဟုတ်တယ်။ အချက်အလက်အပြည်အစုံတော့ မရောက်လာသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

နမ့်ဖတ်ကာသည် နှစ်ဖက်တပ်အတွက် ဗျူဟာအကျဆုံးဒေသဖြစ်ကာ တိုက်ပွဲပြင်းထန်ခဲ့၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု KIA ‌ရှေ့တန်းသတင်းရင်းမြစ်တခုက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ခုခံမှုကြောင့်လည်း နမ့်ဖတ်ကာကျေးရွာအတွင်းရှိ နေအိမ်အများအပြား ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိမှာ နမ့်ဖတ်ကာ ကျေးရွာသူ၊ ကျေးရွာသားများသည် နီးစပ်ရာ နမ့်အွမ်၊ တီးမား၊ ဟူးဖျတ် အစရှိ သည့် ကျေးရွာများနှင့် တောတောင်များဘက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမပေါ် ကွတ်ခိုင် – မူဆယ်မြို့နယ် (မူဆယ် – နမ့်ခမ်း – ကြူကုတ် – တရုပ်နယ်စပ်) ကြားမှာ မဖြစ်မနေဖြတ်သန်းရသည့် နမ့်ဖတ်ကာကျေးရွာတွင် အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော် ရှိသည်။

စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်း တရင်းလည်း အခိုင်အမာ ခြေကုတ်ရယူထားသည့် ကျေးရွာကြီးတရွာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ နမ့်ဖတ်ကာရှိ တပ်ရင်းစခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၉ ရက်မှ စတင်ကာ တလနီးပါးကြာ တိုက်ခိုက်ပြီးနောက် ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

နမ့်ဖတ်ကာမြို့၏ မြောက်ဘက်တွင်ရှိသော မူဆယ် ၁၀၅ မိုင်၊ အနောက်ဘက်တွင်ရှိသော နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များကို မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်