ဝင်ငွေတွေ တိုးလာတာနဲ့အတူ အမျိုးသမီးဘောလုံးလောကကို ‘စိတ်ဝင်စားမှု မြင့်တက်လာ’ဟု Deloitte Money League ဆို

By PKThawn

ဥရောပက ထိပ်တန်းအမျိုးသမီးဘောလုံးအသင်း ၁၅ သင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ယူရို ၄.၃ သန်း (ပေါင် ၃.၇ သန်း)ဖြင့် မနှစ်ကထက် ၆၁ ရာခိုင်နှုန်း တိုးလာတယ်လို့ Deloitte ရဲ့ ခွဲခြားစိတ်ဖြာချက်အရ သိရပါတယ်။

၎င်းတို့ရဲ့ Money League စစ်တမ်းမှာပါဝင်တဲ့ ကလပ်အသင်း ၁၅ သင်းရှိ သုံးသင်းမှ လွဲပြီး အားလုံးဟာ ၂၀၂၂-၂၃ ကာလအတွင်း ၁၀ ရာခိုင်နှုန်းဝင်ငွေတိုးလာမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဝင်ငွေ ယူရို ၁၃.၄ သန်း (ပေါင် ၁၁.၅ သန်း) ဖြင့် ၇၄ ရာခိုင်နှုန်း တိုးလာတဲ့နောက် ဘာစီလိုနာက ထိပ်ဆုံးမှာ ရပ်တည်ပြီး မန်ချက်စတာယူနိုက်တက်က ယူရို ၈ သန်း (ပေါင် ၆.၈ သန်း) ဖြင့် ဒုတိယနေရာမှာ ရှိပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းက ၂၀၂၁-၂၂ ကနေ ၄၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာမှုနဲ့အတူ ယူရို ၇.၁ သန်း (ပေါင် ၆.၃ သန်း) ဖြင့် တတိယမှာ ရပ်တည်နေပါတယ်။

မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့က အဆင့်(၅)အတွင်း ဝင်ခဲ့ပြီး ချယ်လ်ဆီးက အဆင့်(၆)၊ တော့တင်ဟမ်ဟော့က အဆင့်(၁၀)မှာ ရှိပါတယ်။

ထိပ်ဆုံး ၁၅ သင်းအတွင်း အမျိုးသမီးစူပါလိဂ် (WSL) အသင်း စုစုပေါင်း (၈) သင်းအထိ ပါဝင်ပြီး လီဗာပူးလ်၊ အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့က အဆင့် (၁၁)၊ (၁၃)နဲ့ (၁၄) အသီးသီး ရပ်တည်ကြပါတယ်။

“အမျိုးသမီးဘောလုံးလောကမှာ ကြီးမားတဲ့ အလားအလာရှိတယ်၊ ကျမတို့ဟာ အခုအချိန်မှာ ဒီတိုးတက်မှုကို နှစ်အနည်းငယ်ကြာအောင် မြင်တွေ့ခဲ့ပြီဖြစ်တယ်။ ဒါ့ကြောင့် ဒီတိုးတက်နှုန်းဟာ သီးခြားဖြစ်ပေါ်နေတာမဟုတ်ကြောင်း သက်သေပြနေပါတယ်”လို့ Deloitte ရဲ့ Sports Business Group မှ အမျိုးသမီးအားကစားဆိုင်ရာဦးဆောင်သူ အေမီကလာ့ခ်က BBC Sport ကို ပြောခဲ့ပါတယ်။

“အမျိုးသမီးပြိုင်ပွဲကို စိတ်ဝင်တစားနဲ့ ကြီးမားတဲ့ ပေါက်ကွဲထွက်သံကို ကျမတို့ မြင်တွေ့နေရတယ်။ ပြီးခဲ့တဲ့ရာသီက စံချိန်တင် ပရိသတ်ထုနဲ့ ကွင်းတွင်းလာရောက်ကြည့်ရှုသူ များပြားခဲ့တာက ပွဲနေ့ဝင်ငွေ ပိုမြင့်မားစေခဲ့တယ်။ ပြီးတော့ ကလပ်အသင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မူပိုင်ခွင့်ကို ရေရှည်တည်တံ့ဖို့ တကယ့် အာရုံစိုက်မှုကြီးကို ကျမတို့ တွေ့နေရပါတယ်။”

အမျိုးသားပြိုင်ပွဲအတွက် ကိန်းဂဏာန်းတွေအရ commercial ဝင်ငွေဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုပ်သံထုတ်လွှင့်မှုဝင်ငွေကို ကျော်တက်သွားပြီး ဝင်ငွေဒိုင်းနမစ်ပြောင်းလဲမှုကြောင့် ကလပ်အသင်းတွေဟာ မတူညီတဲ့ ဝင်ငွေလမ်းကြောင်းတွေကို စူးစမ်းလေ့လာဖို့ လှုံ့ဆောင်ပေးတယ်။ အမျိုးသမီးပြိုင်ပွဲမှာလည်း အခုလိုပုံစံတချို့ကို ကောင်းမွန်စွာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

အကျိုးအမြတ်များတဲ့ ရုပ်သံထုတ်လွှင့်မှုစာချုပ်တွေကို အစဉ်အလာအရ အားကိုးထားတဲ့ အမျိုးသားပြိုင်ပွဲနဲ့ မတူဘဲ အမျိုးသမီးကလပ်တွေရဲ့ ပျမ်းမျှဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ရာသီက ထုတ်လွှင့်မှုဆိုင်ရာ သဘောတူညီချက်တွေကနေရရှိပြီး commercial ဝင်ငွေက ၅၈ ရာခိုင်နှုန်းနဲ့ ပွဲနေ့ဝင်ငွေက ၂၂ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ WSL နဲ့ စပိန်ရဲ့ Liga F တို့ ထုတ်လွှင့်ခွင့်မူပိုင်တွေဟာ ၂၀၂၂/၂၃ မှာ ယူရို ၈ သန်းဝန်းကျင်တန်ကြေးဖြင့် အီတလီစီးရီးအေ Femminile (ယူရို ၁ သန်း) ထက် ရှစ်ဆခန့်ရှိပြီး လိဂ်တခုစီတိုင်းရဲ့ ရုပ်သံထုတ်လွှင့်မှုဝင်ငွေဟာလည်း များစွာ ကွာခြားပါတယ်။

ကလပ်အသင်းတွေဟာ တူညီတဲ့ လိဂ်တွေအတွင်းမှာတောင် ဝင်ငွေရှာဖွေဖို့ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုလိုတာပါ။ ဥပမာအားဖြင့် WSL ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ၎င်းဝင်ငွေရဲ့ ၇၄ ရာခိုင်နှုန်းကို စီးပွားဖြစ် (commercial)ပါတနာရှစ်တွေကတဆင့် ရှာပေးခဲ့ပြီး အာဆင်နယ်ဟာ အမ်းမရိတ်စ်ကွင်းမှာ ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းထွက်အပြီးမှာ ပွဲနေ့ဝင်ငွေကနေ ၎င်းရဲ့ ဝင်ငွေရဲ့ ၅၈ ရာခိုင်နှုန်းကို ရရှိခဲ့တာဖြစ်ပါတယ်။

ကလာ့ခ်က ၎င်းဟာ အမျိုးသမီးဘောလုံးလောကမှာ “ကွင်းထဲကရော ကွင်းပြင်ကပါ အတွေ့အကြုံတွေ”ကနေ “စမ်းသပ်ပြီး သင်ယူမှုနဲ့ start-up ယဉ်ကျေးမှုတခု”ကို ဦးတည်စေခဲ့တယ်လို့ ပြောပါတယ်။

“အမျိုးသမီးပြိုင်ပွဲဟာ အမျိုးသားပြိုင်ပွဲရဲ့ နမူနာပုံစံကို ကူးယူထားရုံနဲ့ မပြီးသင့်ဘူးလို့ ကျမတို့တွေ အမြဲပြောခဲ့ပြီး အမျိုးသားပြိုင်ပွဲက အခုဆိုရင် ဘဏ္ဍာရေးတည်တံ့မှုအတွက် ကွဲပြားစေဖို့ သူတို့ဟာ ရုပ်သံစာချုပ် ဗဟိုပြုမှုကို အားကိုးလို့မရဘူးဆိုတာ အပြည့်အ၀ ဒီအချက်ကို သက်သေပြပါတယ်”လို့ ကလာ့ခ်က ပြောပါတယ်။

“အမျိုးသမီးပြိုင်ပွဲဟာ သူတို့ရဲ့ စီးပွားရေးပုံစံ(model)ကို ကွဲပြားအောင် တွေးတောဖို့ အမြဲလိုပါတယ်။ ဒါက ဥပမာ နည်းပညာပိုင်း ပိုနားလည်တဲ့ အမျိုးသမီးဘောလုံးပရိသတ်တွေအတွက် ပွဲနေ့အတွေ့အကြုံ ဒါမှမဟုတ် ကစားသမားတွေနဲ့ နောက်ခန်းက ဝန်ထမ်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားတာဖြစ်နိုင်ပါတယ်။

“ဒီဒစ်ဂျစ်တယ်ခေတ်မှာ၊ အဲ့ဒီ fanbase ဟာ အခုအချိန်မှာ ဒါနဲ့အတူ ဆက်ရှိနေတော့မှာ ဖြစ်ပြီး အမျိုးသမီးဘောလုံးလောကကနေ ပိုပြီးတောင်းဆိုလာပါလိမ့်မယ်။ ဆိုတော့ ဒါကို ဆက်လက်လှုပ်ရှားပြီး လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ ကျမ မျှော်လင့်တယ်။ ဒါက အမြဲတမ်း အခြေခံကနေ ကြီးထွားလာရမယ့် နည်းလမ်းမို့လို့ပါ။”

(BBC)