အသုံးစရိတ်ကန့်သတ်စည်းမျဉ်းအသစ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းများ သဘောတူညီ

By PKThawn

အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေက ကလပ်အသင်းတွေကြား ဘဏ္ဍာရေးတောင့်တင်းမှု ကွာဟရေးကို ကန့်သတ်ဖို့အတွက် အသုံးစရိတ်စည်းမျဉ်းကို အကောင်အထည်ဖော်ဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

အသုံးစရိတ်ကန့်သတ်စည်းမျဉ်းဟာ အပြောင်းအရွှေ့တွေ၊ လုပ်ခလစာတွေနဲ့ အေးဂျင့်တွေအတွက် အခကြေးတွေပေါ်မှာ ကလပ်အသင်းတွေရဲ့ ကုန်ကျစရိတ်ကို ကန့်သတ်ထားပါတယ်။

အဆိုပြုချက်တွေအရ ခွဲတမ်း အနည်းဆုံးရရှိတဲ့ ပရီမီယာလိဂ်ကလပ်အသင်းရဲ့ ရုပ်သံဝင်ငွေပမာဏရဲ့ လေးဆကနေ ငါးဆထက် အသုံးစရိတ်ကို ဘယ်အသင်းကမှ ပိုမသုံးဖို့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ အောက်တန်းကလပ် ဆောက်သမ်တန်ဟာ ရုပ်သံကြေး ပေါင် ၁၀၄ သန်း (ဒေါ်လာ ၁၃၀ သန်း) ရရှိခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကို အတည်ပြုဖို့ ကလပ်အသင်း ၂၀ ဆီကနေ အနည်းဆုံးလိုအပ်မဲ ၁၄ မဲကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိချန်ပီယံ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့က အဆိုပါအဆိုပြုချက်ကို ကန့်ကွက်ခဲ့ပြီး ချယ်လ်ဆီးအသင်းက မဲမပေးဘဲ ကြားနေခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လမှာ ကျင်းပမယ့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ အတည်ပြုပါက ပုံစံအသစ်ဟာ အငြင်းပွားဖွယ် အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများ (PSR) ရဲ့နေရာကို ၂၀၂၅-၂၆ ရာသီကနေစတင်ပြီး အစားထိုးမှာဖြစ်ပါတယ်။

အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ဟာ သုံးနှစ်တာကာလအတွင်း ကလပ်အသင်းတွေ ပေါင် ၁၀၅ သန်းသာ ဆုံးရှုံးခွင့်ပြုထားတဲ့ PSR ကို ချိုးဖောက်မှုကြောင့် ဒီရာသီမှာ ရမှတ်လျော့ခံရပြီး သူတို့ဟာ ဇယားအောက်ခြေကို ရောက်ရှိနေပါတယ်။

တခြားကလပ်အများအပြားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသုံးစရိတ်တွေ အကြီးအကျယ် ကျဆင်းသွားစေခဲ့တဲ့ ဒီကန့်သတ်ချက်ကို ဖြတ်ကျော်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ငွေကြေးအသုံးစရိတ်ကန့်သတ်မှုအပေါ် ဝေဖန်သူတွေကတော့ ယင်းဟာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးနဲ့ ကြည့်ရှုမှုအများဆုံးလိဂ်အဖြစ် ရပ်တည်မှုကို ဟန့်တားနိုင်ကြောင်း ယုံကြည်ကြပါတယ်။

ဒါ့အပြင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအသင်း(PFA)ကလည်း “ကစားသမားတွေရဲ့ လုပ်ခလစာအပေါ် ‘အခက်တွေ့စေမယ့်’ ဘယ်အဆိုပြုချက်ကိုမဆို ကန့်ကွက်လိုက်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ အစီအစဉ်တွေကို ထောက်ခံသူတွေက ပြိုင်ဆိုင်မှု ဟန်ချက်ကို ထိန်းသိမ်းဖို့ အသုံးစရိတ် ကန့်သတ်ခြင်းအတွက် မျှတမှုအနေနဲ့ ထိပ်သီးအသင်းတွေအတွက် ချန်ပီယံလိဂ် ဝင်ငွေများ တိုးလာခြင်းနဲ့ စီးတီးနဲ့ နယူးကာဆယ်တို့လို နိုင်ငံပိုင် ကျောထောက်နောက်ခံပြု ကလပ်တွေရဲ့ သုံးစွဲမှုစွမ်းအားကို ထောက်ပြကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ လစာငွေ၊ အပြောင်းအရွှေ့အသုံးစရိတ်နဲ့ အေးဂျင့်တွေအတွက် ပေးချေရမယ့် ငွေကြးကို အသင်းဝင်ငွေရဲ့ ၈၅ ရာခိုင်နှုန်းအထိသာ အသုံးပြုခွင့် ကန့်သတ်ထားခြင်းဖြင့် UEFA ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းများကို ၂၀၂၅-၂၆ ကနေစတင်ပြီး လိုက်နာဖို့ သဘောတူထားပြီးဖြစ်ပါတယ်။

Ref; AFP