ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရင်းများ တပြိုင်တည်း ဘက်ပြောင်းရေး အစီအစဉ် KNDF လုပ်ဆောင်နေ

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်ရင်းတွေ တပြိုင်တည်း စုပေါင်းဘက်ပြောင်းဖို့ ကနဦး ညှိနှိုင်းသဘောတူညီချက်တွေ ရထားပြီလို့ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၄ ရက်နေ့ကအသိပေး ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို ဘက်ပြောင်းလာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။

တပ်ရင်းအလိုက်၊ မိသားစုအလိုက် ဘက်ပြောင်းလာတဲ့ စစ်ကောင်စီဖွဲ့ဝင်တွေကို လူဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနဲ့အညီထားရှိပြီး လုံခြုံရေးအာမခံချက်ပေးသွားမယ်လို့လည်း KNDF က ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက အတည်ပြုပြောကြားထားပါတယ်။ 

ကရင်နီပြည်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့ရဲ့ တာဝန်ရှိသူတွေကို ဘက်ပြောင်းရေးနဲ့ ပတ်သက်ပြီး ကနဦး ညှိနှိုင်းသဘောတူမှုတွေ ရရှိထားပြီးဖြစ်တာကြောင့် မကြာမီကာလအတွင်းမှာ တပ်ရင်းအလိုက် ဘက်ပြောင်းမှုအစီအစဉ်ကို မြို့နယ်တချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်အကြောင်း KNDF က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘက်ပြောင်းလိုသူတွေကို ဘက်ပြောင်းရေးအစီအမံအားဖြင့် သူတို့ရဲ့လက်ရှိရာထူးတွေအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ ပြန်လည်ထမ်းဆောင်နိုင်ဖို့ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ကရင်နီပြည်ထဲက ခြေမြန်၊ ခြေလျင်နဲ့ အမြောက်တပ်ရင်းတွေဟာ နယ်မြေခံတပ်ရင်းတွေ ဖြစ်ပြီး ကရင်နီပြည်ထဲမှာ နှစ်ရှည်လများ မိသားစုတွေနဲ့အတူ အခြေချ နေထိုင်လာတာကို ထောက်ထားပြီး ကရင်နီပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ တပ်ရင်းအလိုက်၊ မိသားစုအလိုက် ကရင်နီပြည်သူ့ဘက်ကို ဘက်ပြောင်းဖို့လည်း အထူးတိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ (၁-လေးလုံး)စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်ပေါင်းစုတွေကြား ရက်ဆက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပါတယ်။ 

ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကအထိနာနေပြီး တပ်ဖွဲ့အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူတွေနဲ့ ဖမ်းဆီးခံရသူဦးရေ ရာဂဏန်း နီးပါးရှိခဲ့ကြောင်း KNDF က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ နှစ်လယ်နောက်ပိုင်းမှာ ကရင်နီပြည်ကို စစ်ဆင်ရေးလုပ်ဖို့ ရောက်လာတဲ့ တပ်မ ၆၆၊ တပ်မ ၅၅ လက်အောက်က စစ်ကောင်စီတပ်ရင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်တိုက်ခိုက်တာတွေကြောင့်တပ်ရင်းလိုက် ထိခိုက်ကျဆုံးလို့ တပ်မတွေ ဖွဲ့စည်းပုံပျက်ပြီး အင်အားချည့်နဲ့နေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

၁၁.၁၁ စစ်ဆင်ရေးအတွင်း အဲဒီတပ်မတွေက လှုပ်ရှားစစ်ကြောင်းတွေ၊ စစ်ကူ စစ်ကြောင်းတွေလည်း ထပ်မံချေမှုန်းခံရလို့ အများအပြားသေဆုံးပြီး လက်နက်ချ အညံ့ခံသူတွေနဲ့ ဖမ်းဆီးခံရသူဦးရေ ရာဂဏန်းနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတပ်မတွေက တပ်ရင်းတွေဟာ ကရင်နီပြည်ထဲမှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်ချေမှုန်းဖို့ ယတိပြတ် မူဝါဒ ချမှတ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တိုက်ပွဲနယ်မြေတွေအတွင်း လက်နက်ချ အညံ့ခံသူတွေကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။