တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို အလေးမထားတာကြောင့် အပစ်ရပ်သဘောတူညီမှုကို စစ်ကောင်စီ ဗြောင်ကျကျချိုးဖောက်နေကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်


တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ အပစ်ရပ်သဘောတူညီမှုတွေကို လိုက်နာနေမှုအပေါ် အခွင့်ကောင်းယူကာ စစ်ကောင်စီဘက်မှ ဗြောင်ကျကျ ချိုးဖောက်ပြီးတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာရောက်တဲ့အပြင် ကြားဝင် ဆောင်ရွက်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ ကူညီမှုကို အလေးမထားဘဲ စော်ကားလိုက်ခြင်းပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဇန်နဝါရီ ၂၄ရက် စစ်ရေးအခြေအနေများကို အသိပေးရာမှာ ထည့်သွင်း ထုတ်ပြန်လိုက်ပါတယ်။

လတ်တလောအခြေအနေမှာ ရှမ်းမြောက်ရှိ မဟာမိတ်တပ်များ လှုပ်ရှားရာနယ်မြေတွေနဲ့ သတ်မှတ်ထားတဲ့ ရန်သူ့ပစ်မှတ်နေရာတွေမှာ စစ်ကောင်စီတပ်စခန်းတွေကို မိမိတို့ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းမရှိပေမယ့်လည်း တအာင်းနဲ့ ကိုးကန့်ဒေသတွင်း စစ်ကောင်စီရဲ့ မထီမဲ့မြင် ရန်စမတွေက ဆက်လက်ရှိနေခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ကိုးကန့်ဒေသ မူပန်ခရိုင်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် MNDAA ဘက်က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ တပ်စခန်းကနေ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ရဲ့ သိန္နီမြို့ နယ်စပ်တံတားဘက်ခြမ်းကို အဲဒီနေ့မှာပဲ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒါဟာ ဟိုင်ဂင် သဘောတူညီမှုကို စစ်ကောင်စီဘက်က ဒုတိယအကြိမ်မြောက် ချိုးဖောက်တာဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ပထမအကြိမ် ချိုးဖောက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တရုတ်အကူအညီနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။

မလွှဲမရှောင်သာတဲ့ အခြေအနေတစ်ခုအောက်မှာ ပစ်ခတ်တိုက်ခိုက်မှုယာယီရပ်စဲထားတဲ့ ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် သုံးဖွဲတို့အနေနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်နယ်မြေတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ မိမိတို့ရဲ့ အုပ်ချုပ်ရေးယန္တရားများဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် ရှိတဲ့ လူ့အရင်းအမြစ်တွေနဲ့ အကောင်းဆုံးကြိုးစားလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ဒေသအတွင်းမှာလည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။