သက်သေမပြနိုင်သော ဘာသာရေးလှုပ်ရှားမှုများဖြင့် တိဗက်ဘုန်းတော်ကြီးကို တရုတ် ထောင်ချ

Tibetan Review:

တရုတ်သည် စီချွမ်ပြည်နယ်ရှိ သမိုင်းဝင် တိဗက်ဒေသမှ ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကို ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ကြောင်း rfa.org ၏ တိဗက်ဘာသာအစီအစဉ်က ဒေသတွင်းနှင့် အခြားသတင်းအရင်းအမြစ်များကို ကိုးကား၍ ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ ၎င်းကို ကိုဗစ်-၁၉ အသွားအလာကန့်သတ်မှု ကာလအတွင်း ဝတ်ပြုဆုတောင်းပွဲများကို ဦးဆောင်မှုနှင့် ၎င်း၏ ဘုန်းတော်ကြီးကျောင်းတွင် တရုတ်အလံလွှင့်တင်ရန် ငြင်းဆန်မှုများအပါအဝင် အခြားအကြောင်းပြချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နက်ဘာစီရင်စုရှိ ကီရာတီဘုန်းတော်ကြီးကျောင်းမှ ဓမ္မကထိက ဆရာတော်ဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် လော့ဘ်ဆန်တာရှီသည် ကပ်ရောဂါကြောင့် ကွယ်လွန်ခဲ့ရသူများကိုယ်စား ပြည်ပရောက် တိဗက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားနှင့် ၎င်း၏ အိန္ဒိယအခြေစိုက် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံ လှူဒါန်းမှုများပြုလုပ်ခဲ့သည့်အတွက် အပြစ်ရှိကြောင်းလည်း တွေ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဘုန်းတော်ကြီးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် လျှို့ဝှက်ရုံးတင်စစ်ဆေးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တခုနှင့် လုံခြုံရေးအရ အမည်မဖော်လိုသည့် ပြည်ပရောက် နက်ဘာဒေသခံဟောင်းနှစ်ဦးကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။

လျှို့ဝှက် ရုံးတင်စစ်ဆေးသည့် နေရာနှင့် ရက်စွဲကိုမူ အတိအကျမသိရကြောင်း အဆိုပါ သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

တာရှီသည် ကီရာတီဘုန်းတော်ကြီးကျောင်းရှိ ဓမ္မရိပ်သာ၏ ဥသျှောင်ဆရာတော်ဖြစ်လာသည်မှာ သိပ်မကြာသေးကြောင်း ဖော်ပြထားသည်။ ၎င်းသည် စီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်သော ချန်ဒူးမြို့အနီးရှိ မန်ယန်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည်ဟု ယူဆရသည်။