‌မြေပုံမြို့ရှိ အဓိကဗျုဟာကုန်းတစ်ခုကို စစ်ကောင်စီက စွန့်လွှတ်ခဲ့ပြီး ရမ်းဗြဲမြို့ကို လေ‌ကြောင်းအသုံးပြု ဖျက်စီးနေသည်ဟု AA ထုတ်ပြန်

002

ရခိုင်ပြည်နယ် စစ်ပွဲများတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီက ‌‌မြေပုံမြို့ရှိ အဓိက ဗျုဟာကုန်းတစ်ခုကို စွန့်လွှတ်ခဲ့ပြ်ီးရမ်းဗြဲမြို့ကို လေ‌ကြောင်းအသုံးပြု ဖျက်စီးနေသည်ဟု AA က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၉၂ ‌ရက်‌မြောက်တွင် ရခိုင်စစ်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး ဇန်နဝါရီ ၂၅ ရက် ညပိုင်းမှ စတင်ကာ ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေ‌ကြောင်းမှ ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု AA က ဆိုသည်။

ထို့ပြင် ဇန်နဝါရီ ၂၆ ရက်တွင် ‌မြေပုံမြို့နယ်ရှိ‌ ‌ယောချောင်းဗျူဟာ ကုန်းနှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားခဲ့သည်ဟု AA ကဆိုသည်။

ထွက်‌ပြေးသည့် စစ်သားများကို လိုက်လံချေမှုန်း တိုက်ခိုက်ရာ ၎င်းစစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

လက်ရှိတွင်လည်း ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် စခန်းများတစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုများကိုသာ ဦးတည်ပစ်မှတ်ထား တိုက်ခိုက် နေပြီး မြို့ရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုသာ အဓိကထားပြုလုပ်‌နေသည် ဟု AA က ဆိုသည်။

ရခိုင်တပ်တော် AA က ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ် ပေါက်တောမြို့များကို အလုံးစုံထိန်းချုပ်ထားသည်။