ဗိုလ်မှူးစောချစ်သူကို ဒစကမှူး ခန့်အပ်သည့် သတင်းမှား

JC

(မဇ္ဈိမ)။ ။ ကရင်နယ်ခြားစောင့်တပ် BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကို စစ်ကောင်စီက ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အနေနဲ့ ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်။

“Snow Queen” တယ်လီဂရမ်ချန်နယ်ကနေ ဇန်နဝါရီ ၂၃ ရက်နေ့မှာ “ကွန်၈၇က်ကျူလေး၇ှင်းပါ ဗိုလ်မှူးချုပ် စောချစ်သူ ခင်ဗျား…..” (မူရင်းအရေးအသားအတိုင်း) လို့ ရေးထားပြီး ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒစက-BGF) အဖြစ် ဗိုလ်မှူးချုပ်ရာထူးအဖြစ် ဗိုလ်မှူးစောချစ်သူကို ခန့်အပ်ကြောင်း ပုံ နှစ်ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။
ဒီအကြောင်း တခြား တယ်လီဂရမ်ချန်နယ် ငါးခုမှာလည်း ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၄,၀၀၀ ကျော်ရှိနေပါပြီ။ ဒါ့အပြင် ဖေ့ဘုတ်မှားလည်း ပျံ့နှံ့နေပါသေးတယ်။

ဒီအကြောင်းအရာကိုပဲ “Ko Thet” ချန်နယ်မှာလည်း “BGF ဗိုလ်မှူးကြီး စောချစ်သူ တစ်ဆင့်မြင့်ရာထူးတက်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ကောင်စီရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ကောင်စီက ဗိုလ်မှူး စောချစ်သူကို ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ခန့်အပ်လိုက်တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖြန့်ဝေထားပါတယ်။ ဒီအကြောင်းဟာလည်း တယ်လီဂရမ် ချန်နယ်နဲ့ ဂရု ကိုးခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ကိုးသောင်းနီးပါးရှိနေပြီး ဖေ့စ်ဘုတ်မှာလည်း ပြန့်နေပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ် BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကို စစ်ကောင်စီက ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အနေနဲ့ ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်း ကို တခြားဖေ့စ်ဘုတ်စာမျက်နှာတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေထားကြပါသေးတယ်။

မဇ္ဈိမ ကနေ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အချက်အလက် စစ်ဆေးခဲ့တာမှာ BGF ဗိုလ်မှူးကြီးစောချစ်သူ ကို ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒစက မှူး ခန့်လိုက်တယ်ဆိုတာဟာ သတင်းမှားသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးပြီး ဒစက မှူးခန့်အပ်မယ်ဆိုတဲ့သတင်းဟာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီဆီကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ သတင်းထွက်ပေါ်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ BGF ဗိုလ်မှူးကြီး စောချစ်သူတို့ ဇန်နဝါရီ ၂၃ ရက်နေ့ တွေ့ဆုံမှုအပြီးမှာ ရာထူးတိုးပေးလိုက်တယ်လို့ သတင်းတွေမှာ ဖြန့်ဝေထားကြတာပါ။
ဒါပေမယ့် အဲ့ဒီလို တွေ့ဆုံပြီးတဲ့နောက် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ CNI Burmese အင်တာဗျူးအစီအစဉ်မှာ ဗိုလ်မှူးချုပ်ရာထူးတိုးပြီး ဒစက မှူး ခန့်အပ်လိုက်တဲ့အကြောင်းကို ဗိုလ်မှူးကြီး စောချစ်သူကိုယ်တိုင် မသိရှိရဘူးလို့ ဖြေဆိုထားပါတယ်။
လင့် (4:40 min) – https://www.facebook.com/61551350951485/videos/400436979220875

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး စောချစ်သူ နဲ့ RFA မြန်မာပိုင်းအစီအစဉ်က မေးမြန်းထားတာမှာ “စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အဖြစ် ခန့်အပ်တယ်ဆိုတာ မဟုတ်မှန်ဘူးလို့လည်း ဗိုလ်မှူးကြီးစောချစ်သူကပြောပါတယ်” ဆိုပြီး ဖော်ပြထားပါတယ်။
လင့် – t.ly/eq82F , t.ly/S5dAr

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အချက်စစ်ဆေးတဲ့ ဌာနတခုဖြစ်တဲ့ BOOM Myanmar ကလည်း “ကရင်နယ်ခြားစောင်တပ် BGF ခေါင်းဆောင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား” ဆိုပြီး အချက်အလက်စစ်ဆေးထားပါတယ်။
လင့် – t.ly/N2qUq

ဒါ့အပြင် သံလွင်ခတ် မီဒီယာမှာလည်း “ဗိုလ်မှူးကြီးစောချစ်သူကို ဒကစ BGF အဖြစ် ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ဟု ဝါဒဖြန့်” ဆိုပြီး စစ်ကောင်စီတပ်အသိုင်းအဝိုင်းနီးစပ်သူ နဲ့ BGF အရာရှိ ၁ ဦးရဲ့ ဆွေမျိုးတော်စပ်သူ တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။
လင့် https://thanlwinkhet.net/?p=7231

ဒါကြောင့် ကရင်နယ်ခြားစောင့်တပ် BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကို စစ်ကောင်စီက ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အနေနဲ့ ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းမှားပဲ ဖြစ်ပါတယ်ရှင်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။