အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် သထုံခရိုင်အတွင်းမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်

ပုံအညွှန်း- ကျိုက်ထိုမြို့နယ်တွင်းတနေရာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှု အခြေအနေ

ပုံအညွှန်း- ကျိုက်ထိုမြို့နယ်တွင်းတနေရာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှု အခြေအနေ

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ရမ်းပစ်တာများတော့ အတီးတို့ ကလေးတွေခေါ်ပြီး တောင်ယာ ထဲကတဲ့မှာ သွားနေရတယ်လေ။ အခု မိုးရွာလိုက်တော့ တဲကမလုံလို့ ဆန်တွေရေစိုကုန်တယ်၊ မီးဖိုလည်း ပျက်စီးတယ်။ အခု စားဖို့ ဆန် မရှိတော့ဘူး” ဟု ကျိုက်ထိုမြို့နယ်မှ စစ်ဘေးရှောင်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့မှ ဒေသခံအများစုသည် တောင်ယာများနှင့် တောအစပ်တို့တွင် စုဝေးကာ စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အဆိုပါ စစ်ဘေးရှောင် များ၏ နေထိုင်ရေး၊ စားသောက်ရေးတို့တွင် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“အမိုးပြန်မိုးဖို့ဆိုတာက ဖက်တွေက ခုဝယ် ခုရတာ မဟုတ်ဘူးလေ၊ ကြိုမှာရတာ။ ပြီးတော့ မိုးရွာမယ်လို့ ဘယ်သူကထင်မှာလဲ၊ ဆောင်းတွင်းကြီးကို။ ဟိုနားက မိုးယို၊ ဒီနားက မိုးပတ်နဲ့ တော်တော်ဒုက္ခရောက် တယ်။ ဘာလိုအပ်နေလဲဆိုတော့ ဝါတာဖလူး(မိုးကာစ)ပေါ့”ဟု ဝင်းတာပန်တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရသည့် ဘီးလင်းမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

စစ်ဘေးရှောင်များသာမက သထုံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများလည်း အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာနှင့် ဆန် အဓိကလိုအပ်နေကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များထံ မှ သိရသည်။

မိုးရွာသွန်းမှုကြောင့် သထုံခရိုင်အတွင်းရှိ တောင်ပေါ်ဒေသများတွင် ယခုအချိန်သည် ရွှေတွင်းသို့သွားသည့် ကားများ၊ သစ်သယ်ယာဉ်ကြီးများသွားလာချိန်ဖြစ်၍ လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရ သည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် လာမည့် ၂၄ နာရီအတွင်း နေရာစိပ်စိပ် မိုးရွာသွန်းနိုင် ပြီး လာမည့် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ