မတ္တရာတွင် ပျူစောထီးခေါင်းဆောင်၏နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲ

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်၏နေအိမ်ကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)က ယနေ့နံနက်ပိုင်းတွင် ကြေညာချက်ထုတ် ပြန်ထားသည်။

“၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မတ္တရာမြို့နယ် ရွှေချောင်းပျူရွာရှိ ပျူစောထီးများစုဝေးလျက်ရှိသော ပျူခေါင်းဆောင်၏နေအိမ်အား Drone ဖြင့်ဗုံးသီးလေးလုံးချ၍ တိုက် ခိုက်ခဲ့ပါသည်။ ဗုံးသီးများသည် မိမိတို့ရည်မှန်းထားသောနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် နေအိမ်ခြံ၀င်းအတွင်း စုရုံးနေသည့် ပျူစောထီးခေါင်းဆောင် ဝင်းဆွေအပါအ၀င် အဖွဲ့၀င်များသေဆုံးမှုရှိနိုင်သည်ဟုလည်း ဆိုသည်။

ထိခိုက်သေဆုံးမှု အတိအကျသိနိုင်ရန် ယနေ့မွန်းလွဲပိုင်းအထိ စုံစမ်းနေဆဲဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)ပြန်ကြားရေးဗျူရိုမှ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

“ဗုံးလေးလုံးက ရည်မှန်းထားတဲ့နေရာတွေကို တည့်တည့်ကျတယ်၊ ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်မှု တွေရှိတယ်လို့ မြေပြင်သတင်းရတယ်။ အတိအကျစာရင်း အတည်ပြုစုံစမ်းနေဆဲပါ” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှု မြနန္ဒာစစ်ဆင်ရေး Drone တပ်ဖွဲ့နှင့်အတူ ပြင်ဦးလွင်ခရိုင် Drone အဖွဲ့၊ မတ္တရာမြို့နယ် (ပကဖ)၊ ပဒူတိုက်နယ်(Zone-4)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြနန္ဒာစစ်ဆင်ရေး(မန္တလေး)နှင့်မဟာမိတ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက လည်း မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

“မနေ့ကမနက်ပိုင်းကစပြီး မတ္တရာအနောက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသန်း ပစ်နေတယ်။ ပင်းယ၊ တောပု၊ တံကုန်း၊ ရှမ်းတော ရွာတွေကနေ ၈၁ မမလက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ် နေတာ၊ ဒီနေ့မနက်ပိုင်းအထိ ပစ်နေတုန်းပဲ။ နေ့လယ်ပိုင်းမှာတော့ စိန်ပန်းကုန်းရွာမှာ အထိုင်ချလိုက် တယ်လို့သိရတယ်” ဟု မတ္တရာမြို့နယ်၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

မတ္တရာမြို့နယ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးပြီး တော်လှန်ရေးတပ်ပေါင်းစု မြောက်ဘက်မှ၀င်ရောက်လာလျှင် စစ်ကောင်စီအတွက် နောက်ဆုံးခံစစ်မြို့ ဖြစ်သည်။

Video မြနန္ဒာစစ်ဆင်ရေး

စာတည်း။ ။စောဖေ