CDM ဝန်ထမ်းများကို မခွဲခြားဘဲ အလုပ်အကိုင် အခွင့်အလမ်းပေးရန် တိုက်တွန်း

001

(မဇ္စျိမ) ။ ။ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ( CDM ) တွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကို မခွဲခြားဘဲ အလုပ်အကိုင်အခွင့်အလမ်းများပေးရန် CDM နိုင်ငံ့ဝန်ထမ်းထုက လုပ်ငန်းရှင်များကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တိုက်တွန်းပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူများ၊ တော်လှန်ရေးအင်အားစုနှင့် နိုင်ငံတကာသို့ ပေးပို့လိုသည့် သတင်းစကားနှင့် တိုက်တွန်းချက်များဖတ်ကြားရာတွင် ထိုသို့ ထည့်သွင်းထားခြင်းဖြစ်သည်။

CDM နိုင်ငံ့ဝန်ထမ်းဖြစ်မြောက်ရေးကော်မတီဝင် ကိုနောင်ချိုက “ စစ်ကောင်စီရဲ့ ယန္တရားမှာတော့ မပါတော့ဘူး။ ဒါပေမဲ့ တခြားသောနယ်ပယ်တွေမှာ ပြည်သူကိုလည်း အလုပ်အကျွေးပြုဖို့လိုသလို့ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်လည်း ရုန်းကန်ဖို့လိုတယ်။ အဲ့ဒီအတွက်ကြောင့် မိမိရဲ့ Professional ကို အသုံးချပြီးတော့ အလုပ်အကိုင်ရှာဖွေတဲ့အခါမှာ ဒါကို မကြည့်ဘဲ CDM ဆိုတဲ့ခေါင်းစဉ်နဲ့ အလုပ်မခန့်ချင်တာမျိုးတွေ၊ ဆိုတော့ ပိုဆိုးတာက အလုပ်လာလျှောက်တာနဲ့ကို လုံးဝဆန့်ကျင်ကန့်ကွက်တာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ဒီညီလာခံရဲ့ တောင်းဆိုချက်တွေ သတင်းစကားတွေထဲမှာ ပါနေတာပေါ့။ CDM တွေကို Boycott ပြန်လုပ်တဲ့အခြေအနေက တကယ့်မျက်ဝါး ထင်ထင်ဖြစ်နေတယ်ပေါ့နော်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြည်သူများအနေဖြင့် အကြောက်တရားကို ဖယ်ရှားပြီး အလုပ်ရှင်များအနေဖြင့် CDMဝန်ထမ်းများကို ထောက်ပံ့ပြီး မခွဲခြားရန် CDM နိုင်ငံ့ဝန်ထမ်းထုက တိုက်တွန်းထားသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက CDM ဝန်ထမ်းများအပေါ် ဖိနှိပ်မှုများ ဆောင်ရွက်နေပြီး CDM ဝန်ထမ်းများ ဖမ်းဆီးခံရခြင်း၊ CDM ခန့်အပ်သည်ဟုဆိုကာ ပုဂ္ဂလိကဆေးရုံအချို့ လိုင်စင်ဖျက်သိမ်းခံရခြင်း၊ ပိတ်ပင်ခံရခြင်းတို့လည်း ရှိခဲ့သည်။

“သူတို့ဆီက မခန့်ဘူးဆိုတာလည်း စကစဘက်ကနေပြီးတော့ နေရထိုင်ရ ခက်ခဲအောင် အကျပ်အတည်းတွေ့အောင် လိုက်ပြီးတော့ ပိတ်ပင်တာမျိုးတွေရှိလာတဲ့အခါမှာ လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း သူတို့အနေနဲ့ ထိခိုက်တာမျိုးတွေရှိရင်ရှိမှာပေါ့။ အဲ့ဒီလိုမျိုးတွေကြောင့်လို့လည်း ထင်တယ်။ ဒါပေမဲ့ သမာသမတ်ကျတဲ့ လုပ်ငန်းရှင်တွေ ကုမ္ပဏီပိုင်ရှင်တွေအနေနဲ့ဆိုရင်တော့ သူတို့ကို ကြီးကြီးမားမား မထိခိုက်ဘူးဆိုရင် ခွဲခြားဆက်ဆံတာမျိုးတွေ မဖြစ်သင့်ဘူး”ဟု CDM ဝန်ထမ်း တဦးက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ( CRPH) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအနေဖြင့် CDM နိုင်ငံ့ဝန်ထမ်းများ ကြုံတွေ့နေရသည်ကို လျစ်လျူမရှုဘဲ ဖြေရှင်းပေးရန်လည်း CDM နိုင်ငံ့ဝန်ထမ်းထုက တိုက်တွန်းထားသည်။

ထို့ပြင် CDM များအား ပြည်ပထွက်ခွာခွင့်ကိုပင်မပေးသည့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးပေးရန်လည်း CDM နိုင်ငံ့ဝန်ထမ်းထု၏ နိုင်ငံတကာသို့ တိုက်တွန်းချက်များတွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်သူများအ​နေဖြင့် စစ်​ကောင်စီက ပြုလုပ်မည့် ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ရန်၊ NUG အ​နေဖြင့် အိမ်နီးနိုင်ငံများနှင့် ဆက်ဆံ​​ရေးအဆင်​ပြေ​အောင် ​ဆောင်ရွက်ပြီး နိုင်ငံ​ရေးတိုးတက်​အောင်​ဆောင်ရွက်ရန်၊ စစ်​ဘေး​ရှောင်များကို ကူညီရန်၊ နိုင်ငံတကာအ​နေဖြင့် NUG ကို ပြည်သူ့အစိုးရအဖြစ် အသိအမှတ်ပြု​ပေးရန်၊ စစ်​ကောင်စီကို အသိအမှတ်ပြု​နေခြင်းများကို ရပ်တန့်ရန် စသည့် တိုက်တွန်းချက်များလည်း ပါရှိသည်။

၅ ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံတွင် CDM ဝန်ထမ်းများအားလုံးပါဝင်သည့် အခင်းအကျင်းတရပ် ပေါ်ပေါက်လာရန် လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းကို ခြောက်လအတွင်း ဖွဲ့စည်းသွားရန်လည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး