မြန်မာပြည်သူများလိုလားနေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသဘောထား မ‌ပြောင်းလဲ‌ကြောင်း ၁၀၂၇ စစ်ဆင်ရေးသုံးလပြည့်ချိန်တွင် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

002

(မဇ္ဈိမ)။ ။မြန်မာပြည်သူတရပ်လုံးလိုလားနေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသဘောထား မ‌ပြောင်းလဲ‌ကြောင်း ၁၀၂၇ စစ်ဆင်ရေးသုံးလပြည့်ချိန်တွင် ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေးမှာ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် သုံးလပြည့်‌မြောက်ခဲ့ရာ ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့က ၎င်းတို့၏ သဘောထားကို ထပ်မံထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

စစ်ဆင်ရေးသုံးလပြည့်ချိန်တွင် စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် အတူရှိနေပါကြောင်း၊ မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန်ကြေညာအပ်‌ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှာ ၁၀၂၇ စစ်ဆင်ရေးသုံးလပြည့်ချိန်တွင် စစ်ကောင်စီတပ်စခန်းပေါင်း ၅၀၀ ကျော်နှင့် မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထားသည်။

တရုတ်ကြား၀င်မှုဖြင့် ‌စစ်ကောင်စီနှင့် ယာယီအပစ်အခတ်ရပ်စဲထား သဖြင့် ရှမ်း‌မြောက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။