မတ္တရာတွင် စစ်ကောင်စီတပ်က အရပ်သားကိုသတ်ဖြတ်ပြီး PDF ဟုစွပ်စွဲကာ လမ်းဘေး၌စွန့်ပစ်

ပုံစာ – စစ်ကောင်စီစစ်ကြောင်းက မတ္တရာမြို့နယ် သူဌေးကုန်းကျေးရွာနှင့် သမင်ခြံကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်စီးထားမှုအားတွေ့ရစဉ်(ဓာတ်ပုံ- ရောင်နီနွေဦး)

007

(မဇ္စျိမ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ် ပြီးနောက် PDF ဟုစွပ်စွဲကာ လမ်းဘေးစွန့်ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က မတ္တရာမြို့နယ် ဆင်ကုန်း၊ သမင်ခြံနှင့် သူဌေးကုန်းကျေးရွာ တို့ကို စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့စစ်များပါဝင်သော အင်အား ၂၀ ခန့် ရှိ စစ်ကောင်စီစစ်ကြောင်းက ဆင်ကုန်းကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသားအား သတ်ဖြတ်သွား ခြင်းဖြစ်ကြောင်း သိရသည်။

)“ရွာထဲကို ပြည်သူ့စစ်တွေဝင်လာလို့ ထွက်ပြေးကြတယ်။ ထွက်ပြေးရင်း သူတို့နဲ့တည့်တည့်တိုးပြီး ပစ် သတ်ခံလိုက်ရတာပဲ။ အလောင်းမှာ လက်ပစ်ဗုံးတလုံးတပ်ပြီး ဓာတ်ပုံရိုက်ယူသွားတယ်။ ရွာသားတွေ လည်း ကစဉ့်ကလျားထွက်ပြေးနေရတော့ နောက်ပိုင်းကိစ္စတွေ မသိရသေးဘူး။ PDF မဟုတ်တာတော့ သေချာတယ်။ PDF က ရွာနားမကပ်နိုင်သေးဘူး။ ပစ်သတ်သွားတာက ရွာထိပ်မှာပစ်သတ်သွားတာ”ဟု ဒေသခံတဦးကပြောသည်။

ဆင်ကုန်းကျေးရွာမှ အမျိုးသားတဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF စခန်းအားဝင်စီးပြီး အလောင်းတစ်လောင်းရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းခဲ့ ရာတွင် အသတ်ခံရသူသည် PDF မဟုတ်ကြောင်းပြောကြားသည်။

“အဲလိုဖြစ်စဉ်တွေက မကြာမကြာဖြစ်တယ်။ အရပ်သားတွေပစ်သတ်ပြီး အသင့်ပါလာတဲ့ယူနီဖောင်းတွေ၊ သေနတ်တွေချပြီး ဓာတ်ပုံရိုက်တာ” ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှ ပြန်ကြားရေး တာဝန်ရှိသူကဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာအနီးတွင် အရပ်သားခြောက်ဦးကို စစ်ကောင်စီတပ်ကပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဝါဒဖြန့်မီဒီယာများတွင် ငါးဦးသည် PDF များဖြစ်ပြီး တဦးကိုစုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြကြသည်။

စာတည်း။ ။စောဖေ