နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်တွင် အသံတိတ်သပိတ်နှင့် အဖြူရောင် လှုပ်ရှားမှု ဖော်ဆောင်မည်ဟု GSCB အသိပေး

001

(မဇ္စျိမ)။ ။ နွေဦးတော်လှန်ရေးကာလ သုံးနှစ်ပြည့်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်သည့် အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှုများကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဖော်ဆောင်မည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်တွင် အသိပေးထုတ်ပြန်သည်။

ပြည်သူ့တော်လှန်ရေးတွင် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုသည် အဓိကတိုက်ပွဲ မဏ္ဍိုင်ကြီးတရပ်အဖြစ်ရှိနေပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲနှစ်ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီပေါင်းစပ်ဆင်နွှဲကြခြင်းအားဖြင့်သာ တော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း GSCB ၏ ထုန်ပြန်ချက်တွင် ပါရှိသည်။

“အခုအချိန် သုံးနှစ်ပြည့်ပြီပေါ့ဗျာ။ ဒီအာဏာသိမ်းမှု၊ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတရပ်လုံးက ဒီအာဏာရှင်စနစ်နဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက် အကြောက်တရား ဖိနှိပ်မှုတွေအောက်မှာ ငြိမ်သက်မသွားဘူး။ သွေးအေးမသွားဘူး။ အသားကျမသွားဘူးဆိုတာကိုလည်း ကျွန်တော်တို့ လူထုတိုက်ပွဲ ၊ လူထုလှုပ်ရှားမှု နည်းနာတွေနဲ့ ပုံစံမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာလည်း ဖြစ်ပါတယ်” ဟု GSCB မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောသည်။

ထို့ကြောင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အပြင်မထွက် ၊ အသံတိတ်သပိတ် (Silent Strike) ကို ဖော်ဆောင်မည်ဖြစ်ကာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးသည့် အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ ၊ လက်ပတ်အဖြူ အစရှိသည့် အဖြူရောင်အဝတ်အစား၊ အသုံးအဆောင်များကို အဆင်ပြေသလို ဝတ်ဆင်ကြသည့် အဖြူရောင်လှုပ်ရှားမှုကိုလည်း ဖော်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဖြူရောင်လှုပ်ရှားမှုကို စစ်ကောင်စီအား လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြသည့် နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ရပ်တန်းက ရပ်ရန်၊ စစ်ကောင်စီက နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ ကောက်ခံနေသည့် သွေးစွန်းအခွန်အခများ လုံးဝမပေးဆောင်ကြရန်နှင့် စစ်ကောင်စီ၏ စတေးခံ၊ ထိုးကျွေးခံဘဝရောက်ရှိနေသည့် မြေပြင်တပ်မှူး၊ တပ်သားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံရန် ၊ အလင်းဝင်ရန်နှင့် အလံဖြူထောင်ရန် စသည့် ရည်ရွယ်တောင်းဆိုချက်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြူရောင်လှုပ်ရှားမှုကို တော်လှန်ရေး သုံးနှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်ပြီး အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ဆောင်သွားကြရန်နှင့် အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်များနှင့် တော်လှန်ရေးအင်အားစုများကလည်း ဆင်နွှဲကြရန် ပြင်ဆင်နေကြကြောင်း GSCB က အသိပေးထားသည်။

“ပြောရရင် တဖက်ကလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိအပြည့်နဲ့ ပညာသားပါပါနဲ့ တော်လှန်လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နေကြမှာဖြစ်တယ်ဆိုတာကိုလည်း ပြောချင်တယ်။ အဓိကကတော့ ကျွန်တော်တို့လူထုအားလုံး ခံယူထားရမှာက ဒီ‌တော်လှန်ရေးက ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးကို ထောက်ခံပါတယ်ကွာ ဆိုတာထက်ပိုသော လက်တွေ့ကျတဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့သာလျှင် ဒီတော်လှန်ခရီးကို အဆုံးထိ ချီတက်နိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာတေဇာဆန်းက ပြောသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြည်သူများအနေဖြင့် သတ်မှတ်ချိန်အတွင်း အပြင်ကို မထွက်ကြရန်နှင့် အဆိုပါ လှုပ်ရှားမှုများကို ပြည်တွင်း ပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်လည်း GSCB ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ