ပုလော-မြိတ် ခရီးသည်တင်ကားများ တိုက်ပွဲကြောင့် ပိတ်မိ

တိုက်ပွဲကြောင့် မြိတ်-ပုလော လမ်းပိုင်မှာ ခရီးသည်ကားတွေ ပိတ်မိနေစဉ်

ကိုရွှေမြိတ်

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလော – မြိတ်မြို့သို့ သွားသည့် လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်တင်ကားများနှင့် ကုန်ကားအချို့ ပိတ်မိနေကြောင်း ခရီးသည်ကားများနှင့် ယာဉ်လိုင်းများထံမှ သိရ သည်။

ပုလောမြို့နယ်ရှိ မီးလောင်ချောင်းကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး စခန်းတခုကို ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်မှုများကြောင့် နာရီပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း စစ်တပ်ဘော်ဘီ ထောက်ခံသူများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။

“ပုလော-မြိတ် ကားလမ်းပိုင်း မကျဉ်းကုန်း၊ ပလနဲ့ တပိုတို့မှာ ကုန်ကားတွေ ခရီးကားတွေ ပိတ်မိနေတာမျိုးပါ၊ ဘယ်ကားမှ မပေးဖြတ်ဘူး၊ ကားသမားတွေရဲ့ ဖုန်းတွေလည်း အကုန်လာပိတ်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်” ဟု ခရီးသည်ယာဉ်လိုင်းတခုမှ ဂိတ်တာဝန်ခံ အမျိုးသမီး တဦးက ပြောသည်။

ပုလောမြို့နယ်ရှိ မီးလောင်ချောင်းကျေးရွာကို စစ်ကောင်စီက ပထမဆုံး လေကြောင်း အသုံးပြုတိုက်ခိုက်မှုကြောင့် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ၂ နာရီခွဲအထိ ခရီးသည်ကားများ ပိတ်မိနေဆဲဖြစ်ပြီး တစီးစ နှစ်စီးစသာ ပေးဖြတ်နေကြောင်း ခရီးသည်ယာဉ်လိုင်း အသိုင်းဝိုင်းထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)