ရသေ့တောင်နှင့်ရမ်းဗြဲကျွန်းကို AA က ထိုးစစ်ဆင်၊စစ်ကောင်စီက ကြည်းရေလေပူးပေါင်းခုခံ

002

(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေရာ ရသေ့တောင်နှင့်ရမ်းဗြဲကျွန်းကို AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက ကြည်းရေလေပူးပေါင်းခုခံနေသည်ဟု ညီနောင် သုံးဖွဲ့က ထုတ်ပြန်သည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများကိုတစ်ခုမကျန်သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီက ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်‌ကျေးရွာများဖြစ်‌သော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များသို့ ဖေဖော်ဝါရီ ၁၄ ရက်ည ၇ နာရီ ၁၅ မိနစ်မှ စတင်၍ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် မနားတမ်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ်ဘက်မှ လက်နက်ကြီးများဖြင့် လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှ လည်းကောင်း လက်နက်ကြီးများဖြင့် ဖေဖော်ဝါရီ ၁၄ ရက် ညနေမှ စကာ ပစ်ခတ်တိုက်ခိုက်နေပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့၏ စခန်းများအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

အလားတူ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်နေရာများသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ ၁၀ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi – 35 ရဟတ်ယာဉ်မှလည်း လက်နက် ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရမ်းဗြဲမြို့၊ ကိုယ်ရံ‌တောင်ဘုရား အနီးဝန်းကျင်နှင့် အမှတ် ၅ လောင်းချောင်း ရပ်ကွက်၊ တောင်ဥက္ကလာဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အမှတ် (၄) ရပ်ကွက်၊ ကင်းတဲနှင့် အောင်စေတီရှိ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်ကလည်း စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်သည် ရိက္ခာဖြည့်တင်းမှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

ထို့အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်၊ ကမ်းထိုးဇက်နေဗီနှင့် အမှတ် (၄၁)တိုက်ခိုက်ရေးနေဗီ တို့မှလည်း ၁၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ‌မြောက်ပိုင်းရှိ မြို့အများစုကို AA က သိမ်းပိုက်ထိန်း ချုပ်ထားပြီးနောက်တွင် တောင်ပိုင်းရှိ မြို့များသို့ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။