ယင်းမာပင်တွင် စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ ဒေသခံ ၁၀,၀၀၀ကျော် ဘေးလွတ်ရာတိမ်းရှောင်

Photo/CJ – ယင်းမာပင်မြို့နယ်မှ စစ်ဘေးရှောင်အချို့

လွှမ်းမိုး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်က စစ်ကောင်စီယာဉ်တန်းဝင်ရောက်လာ၍ ဒေသခံလူဦးရေ ၁၀,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

သံပြားကာကားလေးစီးပါသော စစ်ကောင်စီယာဉ်တန်းသည် ဘန့်ဘွေးရွာမပျူစခန်းသို့ ရိက္ခာလာပို့ခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ကွေ့ချောင်း၊ပန်းတိမ်မြင်၊သံဘို၊ကျောက်မှော်၊နဘူးတော စတဲ့ကျေးရွာများမှ ဒေသခံများ စစ်ရှောင်နေခြင်းဟု သိရသည်။

“စစ်ယာဉ်တန်းတွေ လာပြီဆိုတော့ ဒေသခံ တော်တော်များများဟာ တောထဲယာထဲမှာပဲ ရောက်နေကြတယ်။ အိမ်ပြန်ပြီးလည်း ဘာမှမယူနိုင်ကြဘူး အကုန်ပြေးကြရတာ။ စစ်သားတွေ လာပြီဆိုရင်ကို ကြောက်နေရတာ” ဟု စစ်ဘေးရှောင်အမျိုးသမီးတဦးက‌ ပြောသည်။

ယနေ့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နေ့တွင်းချင်း ပြန်ထွက်ခွာသွားသည့်သတင်းရရှိထားသည်ဟု ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ယနေ့ညနေ ၅ နာရီခန့်တွင် ပြောသည်။ စစ်ကြောင်းဖြတ်ရာကျေးရွာများမှ စစ်ဘေးရှောင်ဒေသခံများအား နေရာချထားရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

လတ်တလောတွင် အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှုမဖြစ်သေးကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့်ထိစပ်နေသော ဆားလင်းကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ယင်းမာပင်ခရိုင်၊အမှတ်(၁)တပ်ရင်း ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးရဲဘော်ငါးဦး ဒဏ်ရာရကြောင်း ယင်းမာပင်မြို့နယ်မှ Union Liberation Front – ULF(ခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်း)က သတင်းထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံရသည့်ထိုစစ်ကြောင်းသည် ပုလဲမြို့နယ်သို့ဝင်ရောက်သွားကြောင်း ULF(ခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်း)မှ တာဝန်ရှိသူတဦးကပြောသည်။

စာတည်း – အေးချမ်း