ရေဖြူမြို့ ဇာဒီရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် ၂ ဦး သေဆုံး

ပုံ-သေဆုံးသူ မောင်ဇော်မျိုးအောင် နှင့် မပွင့်ပွင့် တို့မောင်နှ မနှစ်ဦးအားတွေ့ရစဉ်

ပုံ-သေဆုံးသူ မောင်ဇော်မျိုးအောင် နှင့် မပွင့်ပွင့် တို့မောင်နှ မနှစ်ဦးအားတွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဇာဒီရွာကို စစ်ကောင်စီ၏ မောရ၀တီရေတပ်စခန်းမှ ယနေ့ (မေ ၁၅ ရက်)မနက် ၁၁ နာရီခန့်အချိန်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကံပေါက်ဒေသ ဇာဒီရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အတွင်းရှိ အသက် ၁၆ နှစ် အရွယ် မောင်ဇော်မျိုးအောင်နှင့် အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့် ဆိုသူ မောင်နှမ နှစ်ဦး ထိခိုက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ သုံးလုံးပစ်တာပါ၊ တလုံးက အိမ်ထဲကို တည့်တည့်ကျပြီး ပေါက်ကွဲလို့ အိမ်လည်း မီးလောင်သွားပြီး မောင်နှမ နှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားတယ်”ဟု မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျပြီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေအိမ်သည် ရပ်ကွက်အတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် နေအိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ ပြီးခဲ့သည့် မေလ ၈ ရက်နေ့ ညကလည်း ကလိန်အောင်အခြေစိုက် ခမရ(၄၁၀)စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလိန်အောင် အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်ရွယ်ကြီး အဘွားအိုတဦး ဝမ်းဗိုက်ထိမှန်ကာ ဒဏ်ရာရ၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)