ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံလွှဲပြောင်းပေး

001

မဇ္စျိမ။ ။ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဉက္ကဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ၁၀ဦးကို ယ​နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့​ဆောင်ခဲ့​ကြောင်း ဆိုထားသည်။
၎င်းတို့ ၁၀ ဦးကိုမည်သည့်နေရာတွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော် နေပြည်တော်လေဆိပ်တွင် လာရောက်ခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာအချို့တွင် ရေးသားထားသည်။

လက်ရှိတွင် စစ်ကောင်စီက မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းထားသူများအနက် နောက်ကွယ်မှငွေကြေးထောက်ပံ့သူ၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂,၉၀၈ ဦးပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီးတရုတ်အစိုးရအလိုရှိသူများကို စစ်ကောင်စီက ဖမ်းဆီးပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်းနှင့်မိသားစုဝင်အချို့ကို စစ်ကောင်စီဖမ်းဆီးပေးခဲ့ပြီး မြီရှောက်ချန်းမှာ ဖမ်းဆီးစဉ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။